ကော့သောင်းမှ စိတ်ဝေဒနာရှင် ၅ ဦးကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်
DVB
·
November 25, 2019
တနင်္သာရီတိုင်း ကော့သောင်းမှာ အိမ်ခြေမဲ့လေလွင့်သွားလာနေတဲ့ စိတ်ဝေဒနာရှင်တွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်အဖွဲ့တို့က ပူးပေါင်းပြီး ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
အခြေအနေဆိုးဝါးနေတဲ့ အိမ်ခြေမဲ့ စိတ်ဝေဒနာရှင် ၅ ဦးကို စိတ်ကျန်းမာရေးဆေးရုံ ရွာသာကြီးကို ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သွားရောက်ပို့ဆောင်မှာ ဖြစ်ပါတယ်။
ပိတောက်ရွှေဝါရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က “ကျနော်တို့ ကော့သောင်းမြို့က နယ်စပ်မြို့ဖြစ်တော့ ကျနော်တို့ဆီမှာ စိတ်မနှံတဲ့ စိတ်ဝေဒနာ ရှင်တွေ တော်တော်များများရှိပါတယ်။ ဒါကို ကျနော်တို့က သူတို့ကို လူသားတွေဖြစ်တဲ့ အတွက် သူတို့ကျန်းမာရေးကောင်းမွန်ဖို့အတွက် ဒီမြို့မှာရှိတဲ့ပြည်သူတွေနဲ့ ပေါင်းပြီးတော့ စိတ်ကျန်းမာရေး ဆေးရုံကို ပို့ဆောင်ပေးမှာဖြစ်တယ်”လို့ ပြောပါတယ်။
ကော့သောင်းမြို့ခံတဦးက “ကော့သောင်းမြို့ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် နိုင်ငံခြားသား တွေ အဝင်အထွက်များတဲ့ မြို့ဖြစ်တဲ့အတွက် ဒီလိုစိတ်မနှံ့သူတွေရှိနေတာဟာ မြို့ကို အကျည်းတန် စေတာဖြစ်တဲ့အတွက် သူတို့ကို ဒီလိုစိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်တာကောင်းပါတယ်။ စီစဥ်ပို့ဆောင်ပေးတဲ့သူတွေလည်း ကုသိုလ်ရသွားတာပေါ့” လို့ ပြောပါတယ်။
ကော့သောင်းမြို့ပေါ်ရှိ စိတ်ဝေဒနာရှင်တွေထဲကနေ ထိန်းသိမ်းရခက်ခဲပြီး အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်နေသူ ၅ ဦးကို ရွာသာကြီးဆေးရုံကို အရင်ဆုံး ပို့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း- လတ်ကိုကိုဦး