ဟိုမိန်းရွာမှ သိမ်းဆည်းရမိသည့်လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်အချို့ပါဝင်
DVB
·
November 24, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းဆန့်မြို့နယ် ဟိုမိန်းကျေးရွာနားက သိမ်းဆည်းရမိတဲ့လက်နက်တွေထဲမှာ တရုတ်နိုင်ငံထုတ်လက်နက် တချို့လည်းပါနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်း ထွန်းညီက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။
“FN6 လေယာဉ်ပစ်လက်နက်က Third generation လက်နက်မျိုးဖြစ်တယ်။ ၂၀၀၀ နောက်ပိုင်းထွက်လာတဲ့ လက်နက် အမျိုးအစား ဖြစ်ပါတယ်။ အိတ်စပို့အတွက်ထုတ်ထားတာပါ။ ဒီလိုဗားရှင်းအတူတူကို တရုတ်တပ်မတော်မှာသုံးနေတဲ့ နာမည်က ဟုတ်ရင်း ဖြစ်မယ်။ ၂၀၀၉ ခုနှစ်ဈေးနှုန်းအရဆိုရင် တလက်ကို ဒေါ်လာ ၇ သောင်းခွဲကနေ ၉ သောင်းလောက် အထိရှိတယ်လို့ တွေ့ရှိရပါတယ်” လို့ ပြောပါတယ်။
တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်မှာ ဟိုမိန်းကျေးရွာနားက သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၇၀၊ လက်နက်ခဲယမ်းမျိုးစုံ ၈ မျိုး (ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဘူး)၊ ယူနီဖောင်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ K-12 ပခုံးထမ်း လေယာဉ်ပစ်လက်နက်တလက် သိမ်းဆည်းရမိခဲ့တာနဲ့ပတ်သက်လို့ သူက ရှင်းပြ ခဲ့တာပါ။
လက်နက်တွေဝယ်ယူရရှိနေတာနဲ့ပတ်သက်ပြီး သူက “လက်နက်တွေဘယ်ကရလဲ ဝယ်ဖို့ ဘယ်ကရလဲဆိုတာက ဒီလိုလက်နက်ကိုင်အဖွဲအစည်းဆိုတာ ပေါ်လာတာမကြာသေးဘူး။ သူတို့မှာ တခြားဝင်ငွေရ စီးပွားရေးလုပ်ငန်းလည်း မရှိသေးဘူး။ လက်နက်ဆိုတာက ပုံမှန်ပုဂ္ဂလိက လုပ်ငန်းလို သာမာန်ထုတ်လို့ ရောင်းလို့ရတာမဟုတ်ဘူး။ တန်ဖိုးတွေလည်း များတယ်။ ဈေးအများဆုံးပစ္စည်းဖြစ်တယ်။ ဝယ်ရလည်း ခက်တယ်။ ဒါတွေ ဝယ်ရအောင်လို့ မူးယစ်ဆေးဝါးလုပ်တာတို့ တခြားသယံဇာတတွေရောင်းတာ၊ နောက်ပြီးတခြားသောနည်းလမ်းတွေ နဲ့ ရတာတွေရှိမှာပေါ့” လို့ မှတ်ချက်ပြုသွား ပါတယ်။
နိုဝင်ဘာ ၂၂ ရက်က နမ့်ဆန်မြို့နယ် မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတချို့ဟာ TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်ရဲ့ ဇာတိ ဟူးခင်ကျေးရွာအုပ်စု၊ဟိုမိန်းရွာနဲ့အနီးတဝိုက် နေရာတွေကို ရှင်းလင်းခဲ့ရာက အခုလို လက်နက်တွေ ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
TNLA အဖွဲ့ဟာ တပ်မတော်ရဲ့ အပစ်ရပ်စဲတဲ့ကာလမှာ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်ဝန်းကျင် တဝိုက် စခန်းတွေ တိုးချဲ့ တည်ဆောက်ခဲ့ရာမှာ စခန်း ၇၈ ခုရှိခဲ့ပြီး အခုအခါ တပ်မတော်အနေနဲ့ စခန်း ၄၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။