Homeမြန်မာသတင်း
တက္ကသိုလ်ကျောင်းသား ကျွန်သဖွယ်ခိုင်းစေခံရမှု အရေးယူပေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်းမည်
တက္ကသိုလ်ကျောင်းသား ကျွန်သဖွယ်ခိုင်းစေခံရမှု အရေးယူပေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်းမည်
စိုးမိုးအောင်
·
November 23, 2019
တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်တွေမှာ ကျွန်သဖွယ်ခိုင်းစေခဲ့တာဟာ လူ့အခွင့်အရေးအထူးချိုးဖောက်ခံရခြင်း ဖြစ်တာကြောင့် ထိထိရောက်ရောက်အရေးယူဖို့ တိုက်တွန်းသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
ဒဂုံတက္ကသိုလ်သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းဟာ အောက်တိုဘာ ၂ ရက်နေ့ကစပြီး လူပွဲစားတွေကတဆင့် ဖျာပုံမြို့နယ်ခါးပြတ်ကျေးရွာက ငါးဖမ်းကျားဖောင်တွေမှာ ရောင်းစားခံခဲ့ရတာပါ။
အဲဒီ ငါးဖမ်း ကျားဖောင်တွေမှာ ၁ လခွဲလောက် နှိပ်စက်ညှဉ်းပန်းတာနဲ့ အဓမ္မခိုင်းစေမှုခံခဲ့ရတယ်လို့ ကာယကံရှင်က ပြောပါတယ်။
အစ်ကိုဖြစ်သူက သူ့ကို ငွေကျပ်၇သိန်းနဲ့ ပိုင်ရှင်ဆီကနေ ရှာဖွေကယ်ဆယ်ခဲ့ပြီး နေအိမ်ရောက်လာပေမယ့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာကြောင့် ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်မှုတွရှိနေလို့ ဆေးဝါးကုသမှုခံယူနေရတာပါ။
ကိုမြတ်သူရထွန်းကို အခုလို ကျွန်သဖွယ်ခိုင်းစေတာဟာ လူ့အခွင့်အရေးကို အထူးချိုးဖောက်တာဖြစ်တဲ့အတွက် ထိထိရောက်ရောက်အရေးယူဖို့ ပြည်ထဲရေးနဲ့ တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
ပင်လယ်ငါးဖမ်းကျားဖောင်တွေမှာ ကိုယ့်လူမျိုးအချင်းချင်းဖမ်းဆီးပြီး လူကုန်ကူးတဲ့ သဘောမျိုး နှစ်စဉ်လူအများကို အုပ်စုဖွဲ့ဆောင်ရွက်နေတာဖြစ်သလို လူမသိသူမသိအလောင်းတွေ မြှုပ်ပေးရတဲ့ ဖြစ်စဉ်တွေအထိ ရှိခဲ့တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းကို ပင်လယ်ကျားဖောင်မှာ အခုလို ညှဉ်းပန်းနှိပ်စက်တာဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ အကြုံးဝင်သလို ပင်လယ်ရေလုပ်သားတွေ လုံခြုံမှုနဲ့ ဘဝအာမခံမှုရှိဖို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ဒေသအာဏာပိုင်တွေက လုပ်ပေးဖို့လိုမယ်လို့ ဆိုပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူဝင်းကို လူကုန်ကူးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့် လူပွဲစားတွေနဲ့ ညှဉ်းပန်းနှိပ်စက်ခဲ့သူတွေကို နိုဝင်ဘာ ၂၂ ရက်နေ့က အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေတယ်လို့ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ ကိုမြတ်သူရထွန်းဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၂ ရက်နေ့က ရန်ကုန်မြို့လယ် ပန်းဆိုးတန်းမှာ အမျိုးသမီး နှစ်ဦးက ဖျာပုံကရေလုပ်ငန်းမှာ ၁ လ သိန်း ၂၀ နဲ့ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်ကာ ကျားဖောင်မှာ ရောင်းစားခဲ့ရတာပါ။
သူနဲ့အတူ ကျားဖောင်မှာပဲ ရောင်းစားခံရတဲ့ တခြားသူတွေကိုလည်း ကယ်ဆယ်ပေးဖို့ ကိုမြတ်သူဝင်းက ပြောပါတယ်။