တပ်မတော်ရေယာဉ် အပါအဝင် ရေယာဉ် ၆ စီးကို အေအေအဖွဲ့ ပစ်ခတ်
ဝဏ္ဏခွာညို
·
November 23, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းတလျှောက်သွားနေတဲ့ တပ်မတော်ရေတပ်ယာဉ်အပါအဝင် ရေယာဉ် ၆ စီးကို ရက္ခိုင်တပ်မတော်အေအေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့တံတားစီမံကိန်းမှာ အသုံးပြုမယ့် သဲ၊ ကျောက်၊ သံပေါင်တွေ တင်ဆောင်လာတဲ့ ရွှေပြည်တန်၊ တော်ဝင်မင်းသမီး၊ လိုင်ယန် အမည်ရသင်္ဘောသုံးစီးကို တပ်မတော်ရေယာဉ်သုံးစီးနဲ့ အနီးကပ်လုံခြုံရေးလိုက်ရာမှာ ကျောက်တော်မြို့နယ် ပီကောက်ဝရွာနားနဲ့ ပုဏ္ဏားရွာအကြားအရောက် အေအေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“ကုလားတန်းစီမံကိန်းသယ်လာတဲ့ သံဘောင်တွေ၊ ကျောက်တွေ၊ ဘိလပ်မြေတွေကို သယ်လာတဲ့ အရပ်ဘက်ရေယာဉ်သုံးစီး။ ဘာလို့ ပစ်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ပစ်တာလဲ၊ ချင်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်သွားမှာကို အေအေက မမြင်ချင်လို့လား၊ ရခိုင်ပြည်နယ်ကြီး မြန်မြန်ဖွံ့ဖြိုးတိုးတက်သွားမှာကို အေအေက မမြင်ချင်တာလား၊ ဒီတံတားကြီးမြန်မြန်ပြီးသွားမှာကို စိုးရိမ်လို့လား၊ ဒါပဲကျနော်က မေးချင်တာ။ ကျနော်တို့ တပ်မတော်ယာဉ်က လုံခြုံရေးအနီးကပ်လိုက်ပေးတာ၊ အဲ့ဒီမှာအေအေကနေပြီးတော့ ဒုံးသီးတွေနဲ့ပစ်တယ်။”
အခုလို ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တိုဘက်က ထုတ်ပြန်ချက်တွေ အကြိမ်ကြိမ်ထုတ်ထားပြီးဗျ၊ ကုလားတန်စီးမံကိန်းအတွက် တကယ်ယူလာတာဆိုရင် သူတို့ဆောက်လုပ်ရေးဝန်ကြီးဌာနက ဟိုတခါတုန်းကလို ကြေညာချက်ထုတ်ပြီးတော့လာပေါ့။ ကုလားတန်စီးမံကိန်းအတွက်ပစ္စည်းတွေ ပြောင်းဖို့ရှိတယ်၊ ဘယ်နေ့၊ ဘယ်နေရာရောက်မယ်၊ ဘယ်သင်္ဘောနဲ့လာတယ်ဆိုတာကို ပြောလေ။ အဲ့လိုမျိုးဆိုရင်တော့ ကျနော်တို့က ဘာမှလုပ်စရာအကြောင်းမရှိဘူး။ အခုက ဗမာရေတပ်တွေ ခြံရံပြီး စစ်ဆင်းရေးပုံနဲ့ချီတက်လာတာဆိုလို့ရှိရင် ဘယ်လိုလက်နက်ကိုင်မဆို ရေတပ်ပဲဖြစ်ဖြစ်၊ ကြည်းတပ်ပဲဖြစ်ဖြစ်လိုအပ်သလိုတော့ ကျနော်တို့က တားဆီးပစ်ခတ်ရမှာပဲ” လို့ ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် တနာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်သားတဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုပါတယ်။
တိုက်ပွဲကြောင့် ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာက အမျိုးသမီးတယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး အမျိုးသားကတော့ ခြေထောက်တဖက်ပြတ်သွားလို့ စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေရပါတယ်။