ဆောမြို့နယ်တွင် ရှေးဟောင်းဘုရားဆင်းတုတော် ၁၄ ဆူ ခိုးယူခံရ
DVB
·
November 23, 2019
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်နယ်မြေ စခန်းအပိုင် ဆီမီးကျေးရွာအုပ်စု သိန်းကျင်းကျေးရွာရှိ သိန်းကျင်းရွှေတန်ဆာဘုရားက ဘုရားဆင်းတုတော် ၁၄ ဆူ ခိုးယူခံရတာကြောင့် ဂေါပကဥက္ကဋ္ဌက နိုဝင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ လောင်းရှည် နယ်မြေရဲစခန်းမှူး စိုးသီဟက ပြောပါတယ်။
သိန်းကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးထေရာနန္ဒက သိန်းကျင်းရွှေတန်ဆာ ဘုရားကို ညနေပိုင်း သန့်ရှင်းရေးပြုလုပ်ဖို့သွားစဉ်မှာ ဘုရားဝင်းအတွင်း ဆင်းတုတော် ၃၆ ဆူအနက်မှ ဘုရားဆင်းတုတော် ၁၄ ဆူ ပျောက်ဆုံးနေတာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ သစ်သားရွှေရည်ချ ဉာဏ်တော် ၅ ပေရှိ ပတ္တမြားရှင် ပျံတော်မူဟန် ရပ်တော်မူ ၈ ဆူ နဲ့ ဉာဏ်တော် ၃ ပေ နှစ်ကျိပ်ရှစ်ဆူ ရပ်တော်မူ ဆင်းတု ၆ ဆူ စုစုပေါင်း ရှေးဟောင်း ဆင်းတုတော် ၁၄ ဆူ ပျောက်ဆုံးသွားတာပါ။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆောမြို့နယ် လောင်းရှည် နယ်မြေရဲစခန်းမှာ ဂေါပကဥက္ကဋ္ဌ ဦးသောင်းညွန့်က တရားလိုပြုပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅-က နဲ့ အမှုဖွင့် အရေးယူ တိုင်တန်းထားတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)