မန္တလေးဈေးချိုတော် ပလာဇာတွင် ညဈေး မကြာမီ ဖွင့်လှစ်မည်
DVB
·
November 22, 2019
နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ မန္တလေးဈေးချိုတော်ပလာဇာမှာ Five Oceans ကုမ္ပဏီက တာဝန်ယူပြီး အဆင့်မြင့်ညဈေးစီမံကိန်း ဆောင်ရွက်ဖို့ရှိပါတယ်။
မန္တလေးဈေးချိုတော်တစ်ဝိုက်ဟာ အရင်ကအဓိကသွားလာလည်ပတ် လေ့လာစရာ နေရာဖြစ်ခဲ့ပေမယ့် အခုညပိုင်းဆိုရင် ဈေးချိုတဝိုက်မှောင်မိုက်နေပြီး နိုင်ငံတကာခရီးသွားတွေ လည်ပတ်စရာနေရာတခု ဖြစ်လာအောင်လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ ညဈေးဖွင့်လှစ်ရေးစီမံချက် တာဝန်ခံ ဒေါက်တာအောင်စိုးမြင့်က ပြောပါတယ်။
ညဈေးကို ယခုနှစ်ကုန်ပိုင်းမှာ စတင်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၀ ဇန်နဝါရီလမှ စတင် ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။
ဈေးချိုပလာဇာရဲ့ ဒုတိယထပ်ကနေ စတုတ္ထထပ်အထိ သုံးထပ်ပေါင်း အကျယ်အဝန်း စတုရန်းပေ ၈၀၀၀၀ ကျော်မှာ ပေနှစ်ဆယ်ပတ်လည် ဆိုင်ခန်းပေါင်း ရှစ်ဆယ်ခန့်အထိ နေရာချထားပေးမယ်လို့လည်း သိရပါတယ်။
ညဈေးဖွင့်လှစ်ရေးစီမံချက် တာဝန်ခံ ဒေါက်တာအောင်စိုးမြင့်က "တခြားနိုင်ငံတွေမှာ မရနိုင်တဲ့ ပစ္စည်း၊ အထူးသဖြင့်တော့ ပန်းဆယ်မျိုးပေါ့နော်၊ မြန်မာအနုပညာ ပစ္စည်းတွေကို အဓိကထားပြီးတော့မှ ရောင်းဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ဒေသခံတွေအတွက် အသုံးအဆောင်ပစ္စည်းတွေ အလွယ်တကူရနိုင်မယ့် 7/11 လို ဆိုင်မျိုးလည်း ကျနော်တို့ လက်ခံပြီး ဖွင့်ပေးမှာပါ။ နောက်တခုက မြန်မာ့ရိုးရာအစားအစာတွေ ရောင်းပေးတဲ့ဆိုင်ခန်းတွေကိုလည်း ကျနော်တို့ အပေါ်ဆုံးထပ်မှာ စီစဉ်ထားပါတယ်။ မြန်မာထမင်းဟင်းပေါ့နော်၊ မြန်မာ့အရသာ နိုင်ငံခြားသားခရီးသည်တွေခံစားနိုင်မယ့် အခင်းအကျင်းမျိုးဖြစ်အောင်လို့ ကျနော်တို့ စီစဉ်နေ ပါတယ်" လို့ ပြောပါတယ်။
အဆိုပါညဈေးမှာ ဖွင့်လှစ်မယ့်ဆိုင်တွေဟာ ညနေ ခြောက်နာရီကနေ ည ဆယ့်နှစ်နာရီခန့် အထိ ဖွင့်လှစ်မယ့်အပြင် ညလုံးပေါက် ရောင်းချပေးမယ့် ဆိုင်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
လာမယ့် ဇန်နဝါရီ လဆန်းပိုင်းမှာ နိုင်ငံတကာခရီးသွားအေဂျင်စီတွေ၊ မြန်မာမှု အနုလက်ရာ ပန်းဆယ်မျိုးလုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး မိတ်ဆက်ရောင်းချပွဲ ပြုလုပ်ပေးဖို့ ရှိပါတယ်။
ဖျော်ဖြေရေးအနေနဲ့ အလှပြ ခြင်းခတ်ဝိုင်းတွေ၊ ဒိုးပတ်ဝိုင်းတွေ၊ မြန်မာ့ရုပ်သေးဖျော်ဖြေပွဲ တွေကိုလည်း ထည့်သွင်းပြီး နိုင်ငံခြားသားခရီးသွားတွေကို ဆွဲဆောင်မှုရှိအောင် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း