မြန်မာကို ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပထမဆုံးအကြိမ်ရွေးချယ်
DVB
·
November 22, 2019
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်နေရာကို မြန်မာနိုင်ငံက နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ် ရွေးချယ်ခံရပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှ ၂၇ ရက်အထိ ကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် ယူနက်စကို အထွေထွေ ညီလာခံမှာ အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေအတွက် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တာပါ။
ဒီရွေးကောက်ပွဲမှာ ယူနက်စကိုဒေသဆိုင်ရာအုပ်စုတွေထဲက မြန်မာနိုင်ငံက အာရှပစိဖိတ် အုပ်စုအတွင်း ယှဉ်ပြိုင်ရာမှာ မဲပေးပိုင်ခွင့်ရှိတဲ့ အဖွဲ့ဝင် နိုင်ငံ ၁၈၀ အနက် ၁၄၂ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရတာလို့ အစိုးရက သတင်းထုတ်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အခြေစိုက်တဲ့ယူနက်စကိုအဖွဲ့ကြီးကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၄ ရက် က စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၁၉၄၉ ခုနှစ် ဇွန်လက စတင်ပြီး ယူနက်စကိုအဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။