တမူးမြို့တွင် စပါးရိတ်နေသည့် အကျဉ်းသား ၁ ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံး
Aung Ko Latt
·
November 22, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့သစ်နယ်မြေ စိုက်/မွေးအသက်မွေးအတတ်သင်စခန်းမှာ အကျဉ်းသားတဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးမှု အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူက အသက် ၂၁ နှစ်အရွယ် မြင့်ထွန်း ခေါ် ဂျပန်ဖြစ်ပြီး အကျဉ်းစခန်းလယ်ကွင်းထဲမှာ စပါးရိတ်နေတုန်း အကျဉ်းစခန်းစောင့် တပ်သား ကျော်ကျော်ဌေးကိုင်ဆောင်တဲ့ MA-11 အမျိုးအစားသေနတ်က မတော်တဆ ကျည်ထွက်ကာ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားတာပါ။
တပ်သားကျော်ကျော်ဌေးက စပါးရိတ်နေတဲ့အကျဉ်းသားတွေကို ထိုင်ခုံပေါ်ကနေ ထိုင်ပြီးစောင့်ကြည့်နေစဉ် မြေမညီလို့ ထိုင်ခုံလဲကျသွားရာက သေနတ်ပြုတ်မကျဖို့ လှမ်းဆွဲစဉ်မှာ သေနတ်ခလုတ်ကိုဆွဲမိပြီး အကျဉ်းသားကို ထိမှန် သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။
သေနတ်ကျည်ဆန်ထိမှန်သွားတဲ့ အကျဉ်းသား မြင့်ထွန်း (ခ)ဂျပန်ဟာ ဝဲဖက်ပါးအောက်ကနေ နောက်ဖက်ဂုတ်ပိုးပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးသွားတာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ အကျဉ်းသားဟာ ကလေးမြို့နယ်၊ ဘိုကုန်းကျေးရွာကဖြစ်ပြီး သူ့ရဲ့ အလောင်းကိုတော့ တမူးမြို့ ပြည်သူ့ဆေးရုံကြီးကိုပို့ ဆောင်ထားပါတယ်။
တပ်သားကျော်ကျော်ဌေးကိုတော့ ထုတ်ပေးထားတဲ့သေနတ်ကို ပေါ့လျော့စွာကိုင်တွယ်ပြီး လူထိခိုက်သေဆုံးစေတာကြောင့် တမူးမြို့မရဲစခန်းက (ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)အရ အမှုဖွင့်အရေးယူကာ ဖမ်းဆီးထားပါတယ်။