စစ်ရေးအရ အချက်အချာကျသည့် ခါယာဘွမ်ကုန်း တပ်မတော်က သိမ်း
DVB
·
January 26, 2013
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာအနီးက စစ်ရေးအရ အချက်အချာကျတဲ့ ခါယာဘွမ်ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ခါယာဘွမ်ကုန်းဟာ ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ ၁ မိုင် ပတ်ဝန်းကျင်သာ ကွာဝေးပြီး အဲဒီတောင်ကုန်းဟာ လိုင်ဇာ အနီးတ၀ိုက်မှာ အမြင့်ဆုံးတောင်ဖြစ်သလို စစ်ရေးအရ အချက်အချာကျပုံကို ကျောင်းသားတပ်မတော် မြောက်ပိုင်း (အေဘီအက်စ်ဒီအက်ဖ်) ဗိုလ်မှူးအောင်ဆွေဦးက ရှင်းပြပါတယ်။
[caption id="attachment_35785" align="alignleft" width="150" caption="ဗိုလ်မှူးအောင်ဆွေဦး"][/caption]
“ဒီကုန်းက စစ်ရေးအရဗျူဟာကျတဲ့ ကုန်းပါ။ အစိုးရတပ်က သူတို့တပ်ရင်းတွေကို အဲဒီကုန်းမရမချင်း ထိုးစစ်တွေမရပ်ဖို့ အမိန့်ထုတ်ထားတယ် ထင်တယ်။”
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ခါယာဘွမ်ကုန်း သိမ်းယူတဲ့အပေါ် မေးမြန်းရာမှာ သိမ်းလိုက်တယ်ဆိုတဲ့ သတင်းမရဘူး၊ အဲဒီနေရာမှာ သူတို့နဲ့ ကပ်နေတဲ့ တောင်ကုန်းမှာရှိတဲ့ တပ်မတော်တပ်ဖွဲ့များကို လက်နက်ကြီးနဲ့ပစ်တာရှိလို့ မနေ့ကနဲ့ ဒီနေ့မနက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ပဲ သိတယ်လို့ ဆိုပါတယ်။
မြန်မာတပ်မတော်က လေကြောင်းပစ်ကူ မယူတော့ဘဲ လက်နက်ကြီးတွေ အဆမတန် အသုံးပြုပြီး သိမ်းယူသွားတယ်လို့ ဗိုလ်မှူးအောင်ဆွေဦးက ပြောပါတယ်။
“ပထမ လေကြောင်းကနေ ၁၀ ရက်ကျော်လောက် ထိုးစစ်ဆင်တယ်။ မီဒီယာတွေနဲ့ နိုင်ငံတကာ ဖိအားကြောင့်ထင်တယ်။ လေကြောင်းထိုးစစ်ရပ်သွားပြီး လက်နက်ကြီးပစ်ကူတာ ၃ ဆလောက် တက်သွားတယ်။ လက်နက်ကြီးအရေအတွက် များလာတယ်။ ပစ်အားကလည်း ၂ ဆ၊ ၃ ဆပိုများလာတယ်။ ခါတိုင်း ၁ ရက် အလုံး ၁၀၀ ပစ်ရင် အခု အလုံး ရာဂဏန်း၊ ထောင်ဂဏန်းပစ်လာတယ်။ ကုန်းကလည်း ပွိုင့်ကုန်းဆိုပေမယ့် မြေအနေအထားက တောင်ချွန်ပေါ့။ တောင်ကလပ်လေးမှာ စခန်း တည်ထားတာဆိုတော့ လက်နက်ကြီးပစ်တဲ့ဒဏ်က ရေရှည်ခံနိုင်ဖို့ခက်တယ်။ တောင်ကုန်းတကုန်းလုံးတောင်မှ အောက်ကမြေကြီးတွေ အပေါ်ရောက်အောင် သူတို့ပစ်မယ့်သဘောရှိတယ်။”
ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးမှာ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခု ရောက်ရှိနေပြီး မြန်မာစစ်တပ်က လိုင်ဇာကို အချိန်မရွေးသိမ်းယူလို့ရတဲ့ အနေအထား ရှိသွားပြီးလို့လည်း ဗိုလ်မှူးအောင်ဆွေဦးက ခန့်မှန်းပြောဆိုသွားပါတယ်။