Home
မြန်မာသတင်း
လိင်ပြောင်းထားသူတို့အတွက် မန္တ‌လေးတွင်သီးသန့် သန့်စင်ခန်းများ ဆောက်ပေးရန်တောင်းဆို
DVB
·
November 21, 2019
မန္တ‌လေးမြို့မှာ စည်ပင်သာယာက အများသုံးသန့်စင်ခန်းတွေ ဆောက်လုပ်ပေးနေတာ ကောင်းမွန်ပေမယ့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်ထားသူတွေအတွက်လည်း ထည့်သွင်းစဉ်းစားပြီး သီးသန့်ဆောက်လုပ်ပေးဖို့ မြို့ခံတချို့က တိုက်တွန်းလိုက်ပါတယ်။  Transman Association မှ ရဲဘုန်းမြတ်ပိုင်က "ဒီလိုမျိုးအဆင့်မြင့် Toilet တွေ ရှိလာတာ ကောင်းတာပေါ့နော်။ ကျနော်တို့လည်း အပြင်သွားရင်း လာရင်းနဲ့ဆိုရင် အပေါ့အပါးသွား လို့ အဆင်ပြေတယ်၊ အဲ့လိုမျိုးရှိတာ ကောင်းပါတယ်။ ကျနော်တို့အတွက်ဆိုရင်ကျတော့ ကျနော်တို့က သာမန်ထက်ကွဲထွက်နေတဲ့ လူတစ်စုဆိုတဲ့ အခါကျတော့ တခါတလေမှာ ဝင်ရ‌တာတွေက နည်းနည်းပါးပါး အခက်အခဲတော့ ရှိတယ်ပေါ့၊ ကျနော်တို့ကတော့ ဝင်နေကျဆိုတော့ ကိစ္စမရှိဘူးပေါ့။ ဒါပေမယ့် နောက်ပိုင်းတက်လာမယ့် Transmanလေးတွေ၊ Lesbianလေးတွေ၊gay လေးတွေကျတော့ ဝင်ရတာခက်မှာပေါ့။ သီးသန့် ဆောက်ပေးသင့်လားဆိုတော့ ကျနော့်သဘောအရ တော့ ဆောက်ပေးစေချင်ပါတယ်ပေါ့နော်။ ကျနော်တို့ Transmanဆိုရင်လည်း ပုဆိုးကြီးနဲ့ မိန်းကလေး အိမ်သာထဲဝင်လို့ မကောင်းဘူးလေနော်၊ အဲ့လိုပုံစံမျိုးဆိုတော့လည်း ဆောက်တော့ ဆောက်ပေးစေချင်တယ်"လို့ ပြောပါတယ်။ အများသုံးသန့်စင်ခန်းတွေမှာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်ထားတဲ့ အမျိုးသားတွေအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး သီးသန့် သန့်စင်ခန်းတွေ ဆောက်လုပ်ပေး သင့်တယ်လို့ မန္တလေးမြို့မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။ မန္တလေးမြို့မှာနေတဲ့ မနန်းသဲသဲထွေးက "ဒီ အများပြည်သူသုံး Toiletတွေ ဆောက်ပေးတာ အရမ်းပဲအဆင်ပြေပါတယ်။ ဒါပေမယ့် Disableတွေအတွက်လည်းပါတယ်။ ဒါပေမယ့် Transgender လို့ခေါ်တဲ့ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေပေါ့၊ သူတို့အတွက်တွေကျတော့ Transgender Woman ဆိုရင်လည်း သူတို့ဆိုရင်လည်း Male ပေါ့နော်၊သူတို့အဲ့ဒီToilet ထဲကိုဝင်ဖို့အဆင်မပြေဘူး။ အဲ့တော့ လူနည်းစုအတွက်ကိုလည်း ဒါလေးကို ထည့်ပြီးတော့ ဆောက်စေချင်ပါတယ်လို့၊ အဲ့ဒါလေးဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်”လို့ ပြောပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အဆင့်မြင့် သန့်စင်ခန်းတွေကို ကျုံးအနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်မှာပါ တိုးချဲ့ဆောက်လုပ်တော့မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ အရင်က မန္တလေးမြို့မှာ အများပြည်သူ အသုံးပြုစရာ သန့်ရှင်းကောင်းမွန်တဲ့ သန့်စင်ခန်းတွေ မရှိခဲ့တဲ့အတွက် ကျုံးတောင်ဘက် လမ်း၇၀ ၊၂၆လမ်းနဲ့ ၂၇လမ်းကြားမှာ အများသုံးအဆင့်မြင့် သန့်စင်ခန်းတစ်ခုကို ပထမဆုံးဆောက်လုပ်ခဲ့ပြီး ကျုံးအရှေ့ဘက် ၆၆လမ်း၊၁၄လမ်းမှာလည်း အဆင့်မြင့်သန့်စင်ခန်းတစ်ခုထပ်မံ ဆောက်လုပ်ပေးခဲ့ပါတယ်။  နိုင်ငံခြားသားခရီးသွားတွေအပြင် ကျုံးဘေးပတ်ပတ်လည်မှာ သွားလာလည်ပတ်သူ အများစု အသုံးပြုနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အဆင့်မြင့်သန့်စင်ခန်းတွေ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က "အခုနောက်ထပ် ကျုံးရဲ့ အနောက်ဘက် ၂၃ လမ်းနဲ့ လမ်း၈၀ထောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးရှေ့မှာ နောက်ထပ် အဆင့်မြင့်သန့်စင်ခန်းတစ်ခု ဆောက်ပါမယ်။ ကျုံးအနောက်ဘက်မှာ ဆောက်မယ့် သန့်စင်ခန်းကိုတော့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက နေပြီးတော့မှ ပေးလှူမှာ ဖြစ်ပါတယ်၊ဒါ ပြီးလို့ရှိရင်တော့ ကျုံးရဲ့မြောက်ဘက် ၇၄လမ်း ၁၂လမ်းထောင့်မှာ နောက်ထပ် ဒီလို ပဲ အဆင့်မြင့်သန့်စင်ခန်းတစ်ခု ဆောက်မှာပဲ ဖြစ်ပါတယ်"လို့ ပြောပါတယ်။ အဆင့်မြင့်သန့်စင်ခန်းတွေမှာ တဦးကို မြန်မာကျပ်ငွေ ၂၀၀ နှုန်းနဲ့ အသုံးပြုနိုင်တာဖြစ်ပြီး အခမဲ့ဝိုင်ဖိုင်၊အဲကွန်းစနစ်တွေပါဝင်ကာ အခုလိုဆောက်လုပ်ထားတဲ့ မန္တလေးမြို့က သန့်စင်ခန်းတွေအတွက် ASEAN Public Toilet Award ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024