Home
သတင်းဓာတ်ပုံ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပအိုဝ်းဒေသ ကျောက်တလုံးမြို့သို့ ပထမဆုံးအကြိမ် သွားရောက် (ဓာတ်ပုံ)
DVB
·
November 21, 2019
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့ ပိုပန္တကုန်း မဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံ ဌာပနာပိတ်ပွဲနဲ့ သံဃာ ၅၂၈ ပါးဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO နာယက ဦးအောင်ခမ်းထီ ဦးဆောင်မှုနဲ့ တည်ထားကိုးကွယ်တဲ့ ပိုပန္တကုန်း ဗုဒ္ဓဂါယာမဟာဗောဓိစေတီတော်မြတ် အထက်ပစ္စယံ ဌာပနာ ပိတ်ပွဲနဲ့ သံဃာ ၅၂၈ ပါးဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ကျောက်တလုံးမြို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံး အကြိမ်လာရောက်တာလည်းဖြစ်ပါတယ်။ ပွဲကျင်းပရေးကော်မတီဝင် ခွန်အောင်ကျော်က “ နိုင်ငံတကာက သိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပအိုဝ်းဒေသကိုအရောက်လာတဲ့အတွက် ပအိုဝ်းလူမျိုးတွေကို နိုင်ငံတကာက ပိုသိလာမယ်လို့ ယုံကြည်ပါတယ်။”လို့ ပြောပါတယ်။ ဗုဒ္ဓ ဂါယာမဟာဗောဓိ စေတီတော်မြတ်ဟာ ရင်ပြင်အထက်ဉာဏ်တော် ၈၁ ပေ၊ အလျား ၄၄ ပေ၊ အနံ ၃၆ ပေ ဗုဒ္ဓဂါယာမဟာဗောဓိ ပုံတော်အတိုင်း တည်ထားကိုးကွယ်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပြည်တော်သာကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဇဝနက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်တွေ အားပေးအပ်ချီးမြှင့် တော်မူခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးအောင်ခမ်းထီနေအိမ်သို့ သွားရောက်ကာ နေ့လည်စာ သုံးဆောင်ပြီး ဆွမ်းဆန်စိမ်းအလှူကို ဆပ်ကပ်လှူဒါန်းပြီး ရဟတ်ယာဉ်နဲ့ ကျောက်တလုံးမှ ဟဲဟိုးသို့ပြန်လည်ထွက်ခွာခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024