စောခူဆဲတီးခတ်ပြီး ဝေလသီဆိုထားသည့် သီချင်းသစ်-နွံ အွန်လိုင်းပေါ်ရေပန်းစား (ရုပ်သံ)
DVB
·
November 20, 2019
“တစတစနဲ့ နောက်ဆုတ်မရတဲ့ အဖြစ်တွေ… တရွေ့ရွေ့နဲ့ အနီးဆုံးထိ ရောက်နေ … တဖြည်းဖြည်းနဲ့ ပျော်ဝင်တိုက်စား… ကိုယ့်နှလုံးသားက အမာစားကြီး မဟုတ်တော့”
ဒါကတော့ ပရိသတ်ကြိုက် တေးသံရှင် ဝေလရဲ့ နွံအမည်ရတဲ့ သီချင်းသစ်တပုဒ်ထဲ က လှပတဲ့ တေးသွားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ နာမည်ကြီးတေးရေးဆရာ စောခူဆဲ က ရေးဖွဲ့ထားခဲ့တာပါ။
“ဦးနှောက်ထက် နှလုံးသားက ခိုင်းစေ… မှားပြီးရင်း မှားဖို့ထက်ဖြစ်နေ… အချစ် တခုရဲ့ ညင်သာစိတ်များ… သွေးကြောထဲ နေရာယူသွား… လွတ်မြောက်ဖို့ ကြိုးစားပေ မယ့်… ပိုက်ကွန်ရှိရာပဲ ငါ မျက်နှာ မူမိတယ်”
ဒီသီချင်းဟာ ဝေလရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ စာရိတ္တတေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်ပြီး လတ်တလောမှာတော့ တေးရေးစောဆူဆဲရဲ့ တီးခတ်မှုနဲ့ သီဆိုထား တဲ့ ရုပ်သံဗွီဒီယိုဖိုင်နဲ့အတူ ရေပန်းစားနေခဲ့တာပါ။
မိတ်ကပ်မကြိုက်သော သီချင်းများ တေးအယ်လ်ဘမ်နဲ့ ပရိသတ်တွေကို သိမ်း ကျုံးဆွဲဝင်ထားနိုင်ခဲ့တဲ့ တေးသံရှင် ဝေလရဲ့ စာရိတ္တ တေးအယ်လ်ဘမ်ကို Bo Bo Music Production ကနေ ဖြန့်ချိထားခဲ့တာပါ။
အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တေးသံရှင် ဝေလရဲ့ ပထမဆုံးတကိုယ် တော် တေးအယ်လ်ဘမ် ၁၉၈၂ ကို ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကြား အောင်မြင်မှုမရရှိခဲ့ပါဘူး။
ဒါပေမယ့် ဒုတိယမြောက် တေးအယ်လ်ဘမ် မိတ်ကပ်မကြိုက်သော သီချင်းများ ကတော့ အားလုံးကို ဆန်းသစ်တဲ့ ပုံစံတမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပြီး ဂီတလောကမှာ နေရာတ နေရာ ရရှိထားခဲ့ပါတယ်။
အဲဒီနောက်မှာ ထွက်ရှိလာခဲ့တဲ့ အဓိပတိဖွား တေးအယ်လ်ဘမ်ဟာလည်း ပရိ သတ်လက်ခံအားပေးမှုနဲ့ ရေပန်းစားအောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး အတုများတဲ့ မြို့ဆိုလိုအယ်လ်ဘမ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။
မနှစ်ကတော့ သူ့ရဲ့ တကိုယ်တော် One Man Show ကို အောင်အောင်မြင်မြင်နဲ့ တင်ဆက်နိုင်ခဲ့ပါတယ်။
အသစ်ထွက် စာရိတ္တတေးအယ်လ်ဘမ်ထဲမှာတော့ Runner တေးဂီတအဖွဲ့ရဲ့ တီးခတ်မှုနဲ့အတူ တေးရေးတွေဖြစ်ကြတဲ့ ဒဲရစ်မေလာ ၊ စောခူဆဲ၊ ဝေလ၊ ကိုထက်နဲ့ ရှမ်းလေးတို့က ရေးဖွဲ့ပေးထားတဲ့ သီချင်းသစ် ၁၂ ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။
“နွံ… အချစ်ရဲ့ နွံထဲ… ကျခဲ့ရပြီပဲ… ရုန်းလေနစ်လေဖြစ်ခဲ့… နွံ… အမှားရဲ့ နွံထဲ… နောက်ဆုတ်သွားဖို့လည်း အားအင်ကိုယ့်မှာ ချိနဲ့… မိန်းကလေးရယ်… ငါဒီမှာ ရူးနေပြီ ကွယ်… လွတ်မြောက်ခွင့်တွေ ပေးဖို့တောင်းချင်တယ်”
လတ်တလောမှာတော့ စောခူဆဲရဲ့ တီးခတ်မှုနဲ့ သီဆိုထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယို ဖိုင်ကို တေးသံရှင်ဝေလက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှ တဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။