မြောက်ဦးထိပ်ဝပြင်ကျေးရွာကို လက်နက်ကြီးကျည်ကျရောက် အမျိုးသမီး ၁ ဦးဒဏ်ရာရ
DVB
·
November 20, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့လို့ နေအိမ်မှာအိပ်နေတဲ့အမျိုးသမီး တဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်ကျော်မှာ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာကို လင်းမြွေတောင်ဘက်နေ အမြောက်ကြီးနဲ့ လှမ်းပစ်ခတ်လိုက်တာကြောင့် နေအိမ်တလုံးကို လက်နက်ကြီးကျည်ကျရောက်ခဲ့တာလို့ ထိပ်ဝပြင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ကျနော်တို့ရွာက နေအိမ်တလုံးကို လက်နက်ကြီး ကျည်တယ်။ ကံကောင်းချင်တော့ အဲ့ဒီအိမ်မှာလူ မရှိတာ ၃ ရက်လောက်ပဲရှိသေးတယ်။ မိသားစု ၄ ယောက်က ကျောက်တော်ကို အလည်ထွက်သွားတယ်။ အဲ့ဒီအိမ်ကအစိပ်စိပ် အမွှာမွှာဖြစ်သွားတယ်။ အဲ့ဒီအိမ်ကလွှင့်စင်လာတဲ့ လက်နက်ကြီးကျည်စတွေ အနားကအိမ်ကို လာထိတယ်။ အဲ့ဒီမှာ အမျိုးသမီးတယောက်ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်။လို့ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူကတော့ ထိပ်ဝင်ပြင်ကျေးရွာက ဒေါ်အောင်ညွှန်စိန် အသက် ၅၇ နှစ်ဖြစ်ပြီး ခြေထောက်ဒဏ်ရရှိခဲ့လို့ မြောက်ဦးဆေးရုံးမှာဆေးကုခံယူနေတယ်လို့ ဒေါ်အောင်ညွှန်စိန်ရဲ့သမက် ဦးထွန်းစိန်က ပြောပါတယ်။
“ကျနော့်ယောက္ခမကဆေးရုံမှာ၊ အခြေအနေကတော့ သိပ်စိုးရိမ်စရာမရှိဘူး။ ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာရသွားတာ။ လက်နက်ကြီးကျည်ကျတာပါ။ အိမ်မှာအိပ်နေရင်းနဲ့” လို့ ပြောပါတယ်။
လင်းမြွေတောင်မှာ တပ်မတော်အခြေစိုက်ထားတဲ့ နေရာကို အေအေကနေပြီး ရှော့တိုက်ဒုံးလေးလုံးနဲ့လာရောက် ပစ်ခတ်လို့ ကျည်လာတဲ့ နေရာကိုပြန်လည်ခတ်တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“မနက် ၄ နာရီလောက်မှာ ထိပ်ဝပြင်ဝန်းကျင်တဝိုက်ကနေပြီးတော့ အေအက အဲ့ဒီ လင်းမြွေတောင်စခန်းကို ရှော့တိုက်ဒုံးနဲ့လာ ပစ်တယ်။ ပစ်တဲ့အတွက်ကြောင့်မို့ ပစ်တဲ့ ထိပ်ဝပြင် ဝန်းကျင်တဝိုက်ကို ကျနော်တို့ လင်းမြွေတောင်ကနေ ပြန်ပစ်တာရှိတယ်။ ရှော့တိုက်ဒုံးလေးချက် လာပစ်သွားတာ။”
ရက္ခိုင့်တပ်တော်အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကျနော်တို့ဘက်က အဲ့ဒီညက ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာလုံးဝမရှိဘူး။ အဲ့ဒါသက်သက်အကြောင်းပြချက်သာဖြစ်တယ်။ ပြီးတော့ အဲ့ဒီအနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဗမာစစ်တပ်ကတော့ အဲဒီနေ့မတိုင်ခင် ၁၈ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက် သုံးကြိမ်တိုင်တိုင်အတွဲလိုက်ဒုံးတွေနဲ့ ၈ လုံး တတွဲစီး ပစ်ခတ်တာတွေ ရှိတယ်။ ရန်အောင်ပြန်ရွာရဲ့ အရှေ့မြောက်ဘက်က တောင်းတန်းမှာ ပစ်ခတ်တာတွေရှိတယ်။” လို့ ပြောပါတယ်။
အေအေဘက်ကနေ ရှော့တိုက်ဒုံးလေးလုံးနဲ့ လင်းမြွေတောင်တပ်မတော်စခန်းကို လာရောက်ပစ်ခတ်ခဲ့ပေမယ့် စခန်းပေါက်ကိုမကျဘဲ ကျော်လွန်သွားခဲ့ပြီး တပ်မတော်သားတွေ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။