Homeမြန်မာသတင်း
ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်းခွင့်ပြုသဖြင့် ရွေ့ပြောင်းလုပ်သားများ ငွေလွှဲရာတွင် ပိုအဆင်ပြေ
ဗဟိုဘဏ်က ပြည်ပငွေလွှဲလုပ်ငန်းခွင့်ပြုသဖြင့် ရွေ့ပြောင်းလုပ်သားများ ငွေလွှဲရာတွင် ပိုအဆင်ပြေ
DVB
·
November 19, 2019
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ပြည်ပငွေလွှဲလုပ်ငန်းတွေ ဖွင့်ခွင့်ပြုပေးလိုက်တာက ပြည်ပရောက် အလုပ်သမားတွေ ငွေလွှဲရာမှာ ပိုအဆင်ပြေစေတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ပြည်ပငွေလွှဲလုပ်ငန်းအတွက် လိုင်စင်လျှောက်ထားနိုင်ရေး နဲ့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို နိုဝင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာပေးခဲ့တာပါ။
မြန်မာနိုင်ငံကို တရားမဝင်ငွေလွှဲနေတာတွေ လျှော့နည်းစေဖို့နဲ့ တရားဝင်ငွေလွှဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီးတော့ ဗဟိုဘဏ်ကနေ အခုလို ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်တွေ ထုတ်ပေးဖို့ ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
တရားဝင်ငွေလွှဲလုပ်ငန်းတွေ ပေါ်လာရင် အလုပ်သမားတွေဘက်က လုံခြုံစိတ်ချစွာနဲ့ ငွေလွှဲလို့ရသလို နိုင်ငံရဲ့ GDP လဲတိုးတက်လာမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဆိုပါတယ်။
ပြည်ပငွေလွှဲလုပ်ငန်းတွေ တရားဝင်လိုင်စင်နဲ့လုပ်ခွင့်ရဖို့အတွက် ၃ နှစ်လောက် အလုပ်သမား အေဂျင်စီတွေ၊ ဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့ ဆွေးနွေးတာတွေလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို အစိုးရက တရားဝင်ဖွင့်ပေးထားတဲ့အချိန်မှာ တရားမဝင်လုပ်နေတဲ့ ငွေလွှဲလုပ်ငန်းတွေလိုင်စင် လျှောက်ထားသင့်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) အတွင်းရေးမှူး ကိုမြတ်သူ က ပြောပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ လိုင်စင်လျှောက်ဖို့ လုပ်ငန်းတွေအတွက် အသေးစိတ်အချက်အလက်တွေကို ထည့်သွင်း ကြေညာထားပြီး လိုင်စင်သက်တမ်းကိုလည်း (၃)နှစ် သတ်မှတ်ပေးထားပါတယ်။
ပြည်ပက ငွေလွှဲတာတွေကိုလည်း တကြိမ်ကို အမေရိကန်ဒေါ်လာ ၁၀၀၀ ထက်မပိုစေရဘဲ တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀၀ နဲ့ညီတဲ့ ပမာဏထက် ပိုမလွှဲရဘူးလို့ဆိုတဲ့ အချက်တွေလည်း အမိန့်ကြော်ငြာစာထဲမှာ ပါဝင်တာဖြစ်ပါတယ်။
သင်းသင်းဇော်