အလုပ်လက်မဲ့များအတွက် စစ်ကိုင်းတိုင်းအစိုးရက အလုပ်အကိုင်ရှာဖွေပေးနေ
ပိုင်စိုး
·
November 19, 2019
စစ်ကိုင်းတိုင်းအစိုးရဟာ အလုပ်လိုအပ်သူတွေအတွက် အလုပ်အကိုင်ရှာဖွေပေးနေပြီး ဂျပန်နိုင်ငံကို သွားရောက်လုပ်ကိုင်လိုသူတွေလည်း လျှောက်ထားကြဖို့ နှိုးဆော်ထားပါတယ်။
ဒီလုပ်ငန်းကို ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ကြီးကြပ်ဆောင်ရွက်နေတာပါ။
ဝန်ကြီးဟာ မကြာသေးခင်ကလည်း ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး လုပ်ငန်းတွေကို သွားရောက် လေ့လာခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း ဆက်သွယ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်လုပ်လိုသူတွေအနေနဲ့ အစိုးရအဖွဲ့ဆီမှာ လျှောက်ထားနိုင်ပြီး ဒေသတွင်းမှာလည်း အလုပ်ရနိုင်သလို ရခဲ့တာတွေကိုလည်း တိုင်းဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးနေပါတယ်။
ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်လိုတယ်ဆိုရင်တော့ အခြေခံပညာအထက်တန်း အဆင့် တက်ရောက်ဖူးသူတွေဟာ တိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးရုံးခန်းကို လိပ်မူလျှောက်ထားနိုင်ပါတယ်။
ဒီအတွက် အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်းလူငယ်တွေဖြစ်ဖို့လိုပြီး ဂျပန်ဘာသာစကား သင်တန်း၊ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
သင်တန်းတွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလထဲမှာ ဖွင့်လှစ်နိုင်ရေး စီစဉ်နေတာကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး လျှောက်ထားဖို့ကိုလည်း စစ်ကိုင်းတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လမှာ မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ကျွမ်းကျင်လုပ်သား နေထိုင်ခွင့် ပုံစံအသစ်နဲ့ သွားရောက်လုပ်ကိုင်နိုင်ဖို့ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံမူဘောင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအရ လုပ်ငန်း နယ်ပယ် ၁၄ ခု အတွက် ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူမှာ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေကတော့ ပြုစုစောင့်ရှောက်ရေးလုပ်သား၊ အဆောက်အဦသန့်ရှင်းရေး စီမံခန့်ခွဲမှု၊ စက်ပစ္စည်းအစိတ်အပိုင်းနဲ့ ကိရိယာလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ဓါတ်အား၊ အီလက်ထရွန်နစ်နဲ့ သတင်းအချက်အလက်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘော ဆောက်လုပ်ရေးနဲ့ သင်္ဘောစက်ပစ္စည်းလုပ်ငန်း၊ ကားပြုပြင်ရေးနဲ့ထိန်းသိမ်းရေးလုပ်ငန်း၊ လေကြောင်း လုပ်ငန်း၊ နေရာထိုင်ခင်းလုပ်ငန်း(ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း)၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ ရေထွက်ပစ္စည်းမွေးမြူရေးလုပ်ငန်း၊ စားသောက်ကုန်နဲ့ အဖျော်ယမကာ ထုတ်လုပ်ရေး လုပ်ငန်း၊ အစားအစာဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ သက်ဆိုင်ရာဌာနက လာရောက်စစ်ဆေးတဲ့ လုပ်ငန်းကျွမ်းကျင်မှု စာမေးပွဲနဲ့ ဂျပန် ဘာသာစကား စာမေးပွဲအောင်မြင်သူ၊ နည်းပညာအလုပ်သင် သင်တန်းသားအဖြစ် ၃ နှစ် လုပ်ကိုင် ပြီးမြောက်သူတွေဟာ ကျွမ်းကျင်လုပ်သားအဖြစ် လုပ်ကိုင်နိုင်မှာပါ။
ဂျပန်နိုင်ငံမှာ ၅ နှစ် နေထိုင်လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် လုပ်သားတွေကို ပထမဆုံး ခေါ်ယူမှာ ဖြစ်ပါတယ်။