လမ်းဘေးဈေးသည်များက ပြန်လည်ခုခံ အန္တရာယ်ပြုနေဟု ရန်ကုန်စည်ပင်ပြော
သူဇာလင်း
·
November 19, 2019
ရန်ကုန်မြို့မှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေက ပြန်လည်ခုခံပြီး အန္တရာယ်ပြုတာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်၊ ဈေးများဌာနက ဌာနမှူး ဦးကျော်မင်းက ပြောပါတယ်။
လမ်းဘေးမှာ ကျူးကျော်ရောင်းချနေတဲ့ ဈေးသည်တွေက စည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ စည်ပင်ဝန်ထမ်းတွေကို ဆဲဆိုတာနဲ့ ပြန်လည်ခုခံပြီး အန္တရာယ်ပြုခဲ့လို့ တရားစွဲ အရေးယူထားတဲ့ အမှုပေါင်း ၁၀ မှုရှိတယ်လို့ နိုဝင်ဘာလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
တရားစွဲ အရေးယူထားတဲ့ လမ်းဘေးဈေးသည်တွေကတော့ ပန်းဘဲတန်း၊ ကျောက်တံတားနဲ့ လသာမြို့နယ်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ခရိုင် ၄ ခရိုင်အတွင်းမှာ လမ်းဘေးဈေးသည်တွေကို စည်းကမ်းထိန်းသိမ်းပြီး ပစ္စည်းသိမ်းဆည်းခဲ့တဲ့ ဈေးသည်အရေအတွက်က ၂၂၃၃၄ ရှိနေပြီး တရားစွဲဆိုတဲ့တဲ့အမှုကတော့ ၈၈၆ မှု ရှိနေတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ လမ်းဘေးဈေးသည်တွေရဲ့ စားဝတ်နေရေးကို ငဲ့ကွက်တဲ့အနေနဲ့ အပြတ်ရှင်းတဲ့စနစ်ထက် စည်းကမ်းထိန်းသိမ်းရေး ဦးစားပေး လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လမ်းပေါ်မှာ ခုံတွေခင်းပြီး စီးပွားဖြစ် ကျူးကျော်ရောင်းချနေတဲ့ ဈေးသည်တွေကိုတော့ သက်ညှာမှာမဟုတ်ဘဲ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။