စာပေစိစစ်ရေးဌာန ဖျက်သိမ်း

စစ်အစိုးရလက်ထက်က စာပေကင်ပေတိုင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဌာနလက်အောက်ခံ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကို တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွေကနေ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဇန်န၀ါရီ ၂၄ ရက် ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးရဲ့ ခွင့်ပြုချက်အရ ဖျက်သိမ်းလိုက်တာဖြစ်ပြီး မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲအသစ်ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။
စာပေစိစစ်ရေးနဲ့မှတ်ပုံတင်ဌာနဟာ အရင်တုန်းက မြန်မာနိုင်ငံတ၀န်းထုတ်ဝေတဲ့ စာနယ်ဇင်းတွေက သတင်းနဲ့ စာမူတွေ စာအုပ်စာတန်းတွေကို ပုံနှိပ်ဖြန့်ချိခြင်း မပြုလုပ်ခင် ကြိုတင် စိစစ်ဖြတ်တောက် ပိတ်ပင်တဲ့ ဌာနတခု ဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းမယ့် မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲအသစ်ကိုတော့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်မှာ ထားရှိပြီး ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေခွင့် မှတ်ပုံတင်လုပ်ငန်း၊ စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်လုပ်ငန်းတွေကို ပြည်နယ်တိုင်းအသီးသီးမှာရှိတဲ့ ပြန်ဆက်ရုံးတွေနဲ့ ဆက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အခု အသစ်ဖွဲ့စည်းမယ့် ဌာနခွဲအနေနဲ့ မှတ်တမ်းတင်ရုံသက်သက် ဆောင်ရွက်မယ်ဆိုရင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို မထိပါးနိုင်ဘဲ ထုတ်ဝေခွင့်နဲ့ ပတ်သက်ပြီး အလျော့အတင်း လုပ်လာရင်တော့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
“မှတ်ပုံတင်ဌာနကို ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာနအောက်မှာပဲ ထားမယ်လို့ ပြောလိုက်တယ်။ အဲလိုထားရှိပြီးတော့မှ သူတို့က စာပေထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး တကယ်ပဲ မှတ်တမ်းတင်ရုံသက်သက်၊ register လုပ်ရုံသက်သက်ပဲဆိုရင်တော့ လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ထိခိုက်မှာမဟုတ်ဘူး။ အဲလိုမဟုတ်ဘဲ ထုတ်ဝေခွင့်၊ မှတ်ပုံတင်ခွင့်မှာ ဥပဒေတခုခု ငြိစွန်းတယ်လို့ ထင်ပြီး သူတို့က ဒီအပေါ် အလျှော့အတင်းနဲ့ ကစားတာမျိုးဆိုရင်တော့ ကျနော်တို့ဟာ နဂိုဒုံရင်းဒုံရင်းဇာတ်လမ်းကို ပြန်သွားနိုင်တယ်။ ဒါကြောင့် ၂၇ ရက်နေ့ မီဒီယာသမားတွေကို ချပြမယ့် မီဒီယာဥပဒေမူကြမ်းမှာ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်။ မှတ်ပုံတင်ဌာနဟာ မှတ်ပုံတင်ရုံသက်သက်ပဲရှိပြီး အဖွဲ့အစည်းတွေအပေါ်မှာ အရေးယူအပြစ်ပေးခြင်းဟာ တရားဥပဒေကလွဲပြီး မည်သူကမှ လုပ်ပိုင်ခွင့်မရှိစေရဘူးဆိုတဲ့ အချက်မျိုး ကျနော်တို့ထည့်သွင်းထားတယ်။ ဒါပေမယ့် ဒါက ဥပဒေကြမ်းပဲဖြစ်ပြီး ၂၇ ရက်နေ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမယ်။”
နှစ်ပေါင်း ၅၀ လောက်နီးနီး လုပ်ဆောင်ခဲ့တဲ့ စာပေစိစစ်ရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဩဂုတ် ၂၀ ရက်မှာ ကြိုတင်စိစစ်တဲ့ စနစ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အခု ဇန်န၀ါရီ ၂၄ ရက်မှာတော့ စာပေစိစစ်ရေးဌာနကိုပါ အပြီးတိုင် ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။