ထောင်ကျနေသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ထောင်ဒဏ် ၁ နှစ်ထပ်မံချမှတ်
ချမ်းမြေ့မောင်
·
November 18, 2019
တပ်မတော်က တရားစွဲထောင်ချထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်တွေကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် တနှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့သင်္ကြန်တွင်း သံချပ်ဖျော်ဖြေရာမှာ စစ်တပ်ကိုဝေဖန်သံချပ်ထိုးခဲ့လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဖိုးသား၊ မဆုရတနာမြင့်နဲ့ မကေခိုင်ထွန်းတို့ ၆ ဦးကို ဒီကနေ့ ထောင်ဒဏ် ၁ နှစ်အမိန့်ချခဲ့ပြီး ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုတဲ့အတွက် ၆ လလောက် ခံစားခွင့်ရမှာပါ။
အလားတူ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း သံချပ်အဖွဲ့ဝင် ၅ ဦးကို မရမ်းကုန်း တရားရုံးမှာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ ပါသေးတယ်။
ဆက်လက်ပြီးတော့ သံချပ်အဖွဲ့ဝင်တွေဟာ အဲဒီတရားရုံးနှစ်ခုမှာပဲ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၆၆(ဃ) အမှုကို ရင်ဆိုင်သွားရဦးမှာပါ။
ဒါ့အပြင် သံချပ်အဖွဲ့ဝင်သုံးဦးကို ဧရာဝတီတိုင်းဒေသကြီး လေးမြို့နယ်မှာ တရားစွဲဆိုထားပါသေးတယ်။ သံချပ်အဖွဲ့ဝင်တွေကို စွဲဆိုခဲ့တဲ့အမှုတွေမှာ တပ်မတော်က တရားလိုပြုလုပ်ပြီး စွဲဆိုထား တာပါ။
လက်ရှိ အချိန်အထိ တပ်မတော်က လူပေါင်း ၇၇ ဦးထက်မနည်းကို အမှုပေါင်း ၂၄ မှုထက် မနည်း တရားစွဲဆိုထားပါတယ်။ ခုလို လွတ်လပ်စွာထုတ်ဖော်သူတွေကို တပ်မတော်က တရားစွဲနေတာကို ရှုတ်ချကြောင်းနဲ့ တရားစွဲဆိုမှုတွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးဖို့ အရပ်ဖက်အဖွဲ့စည်း ၁၃၁ ဖွဲ့က ပူးတွဲထုတ်ပြန် တောင်းဆိုထားပါတယ်။