မင်းပြားမြို့နယ်၊ ပန်းမြောင်းတွင် အဘွားအို ၁ ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရ
ဝဏ္ဏခွာညို
·
November 18, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ အသက် ၇၀ ကျော်အရွယ်အဘွားအို တဦး တပ်မတော်စစ်ကြောင်းကပစ်တဲ့ ကျည်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ မိသားစုတွေနဲ့ ပန်းမြောင်းကျေးရွာသားတွေက ဒီဗွီဘီကိုပြောပါတယ်။
နိုဝင်ဘာ ၁၈ ရက်မနက် ၈ နာရီကျော်လောက်က ပန်းမြောင်းအရှေ့ဘက်တောင်တန်း တောင်ဖြူတောင်ကဆင်းလာတဲ့ တပ်မတော်စစ်ကြောင်းက စစ်သား ၂၀ လောက်က ပန်းမြောင်းကျေးရွာကိုဝင်လာတဲ့အချိန်မှာ ပစ်ခတ်လို့ မီးလှုံနေတဲ့အသက် ၇၂ နှစ်အရွယ် ဒေါ်မဝါစိန် ဦးခေါင်းမှာ ကျည်ရှပ် ထိမှန်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
ဒဏ်ရာရသူရဲ့ သမက်တော်စပ်သူ ဦးထွန်းဝင်းက “ကျနော်ကျေးရွာရဲ့အရှေ့ဘက်မှာ တောင်ဖြူဆိုတာရှိတယ်။ အဲ့ဒီကနေစစ်သားတွေက ရိက္ခာယူဖို့ဆိုပြီး ဆင်းလာကြတယ်။ ရွာရဲ့ထိပ်မှာ ကလေးတွေက ဆော့ကစားနေကြတယ်။ စစ်သားတွေလာတာမြင်တော့ ကလေးတွေက အကုန်ရွာထဲကို ထွက်ပြေးလာကြတယ်။ အဲ့ဒီမှာ ဝင်လာတဲ့စစ်သားတွေ အကုန်လှမ်းပစ်တာ။ ရွာထဲကို အချက် ၂၀ လောက်လှမ်းပစ်တာ။ အဲ့ဒီအချိန်မှာ ကျနော့်ယောက္ခမလည်း ချမ်းလို့ မီးလှုံနေတာ၊ အဲ့ဒီမှာ ကျည်ကဦးခေါင်းကို ရှပ်ထိသွားတယ်။”
အခုလိုပစ်ခတ်မှုတွေဖြစ်ပြီးနောက် ပန်းမြောင်းကျေးရွာသားတွေ ကြောက်လန့်နေပြီး တချို့ဆိုရင်းကျေးရွာကနေ ထွက်ပြေးကြတာတွေရှိတယ်လို့ ပန်းမြောင်းကျေးရွာသားတဦးဖြစ်တဲ့ ဦးမောင်ဖြူဇံကပြောပါတယ်။
“တောင်ဖြူတောင်မှာ စစ်သားတွေ ခြေကုပ်ယူထားတာ။ စစ်သား ၂၀ လောက် ဆင်းလာ ကြတယ်။ သူတို့လာတဲ့အချိန်မှာရွာပြင်မှာ ကလေးတွေဆော့က စားနေတယ်။ ကလေးတွေက ထွက်ပြေးလာတဲ့အချိန် သေနတ်တွေနဲ့ လှမ်းပစ်တယ်။ အဲ့ဒီမှာအဲ့ဒီအဘွားမှာ ခေါင်းကိုထိတာ။ အခုက တရွာလုံးကြောက်နေကြတယ်။ ထွက်ပြေးနေကြတယ်။”
ပန်းမြောင်းကျေးရွာမှာ တပ်မတော်စစ်ကြောင်းပစ်ခတ်လို့ အသက် ၇၀ အရွယ်အဘွားအို ထိခိုက်ဒဏ်ရရှိသွားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို မေးမြန်းရာမှာ “မဟုတ်ဘူး။ မဟုတ်ဘူးလို့ ကျနော်ပြောထားပြီးပဲ၊ မဟုတ်ပါဘူးလို့ပြောတာ။ တပ်မတော်ကပစ်တာ မဟုတ်ဘူးလို့ပြောတာ၊ အဲ့ဒါကိုပြောတာ။ ကျနော်တပ်တွေ ဟိုသွားတယ်၊ ဒီသွားတယ် ဆိုတာကို ကျနော်ဘယ်ပြောနိုင်မလဲ၊ မဟုတ်ဘူး။ ကျနော်ဒါပဲပြောမယ်။”
ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က တပ်မတော်နေရာယူထားတဲ့ ပန်းမြောင်းအောင်မင်္ဂလာ တောင်ပေါ်ကနေ လက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ထမင်းစားဖို့လုပ်နေတဲ့ ကလေးနှစ်ဦးအပါအဝင် ရွာသား သုံးဦး သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။