ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်သူများကို မြို့နယ် ၁၀ ခုက တရားစွဲ
DVB
·
January 24, 2013
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ ခရီးရှည်လမ်းလျှောက်တဲ့သူတွေကို မြို့နယ် ၁၀ ခုက တရားစွဲထားပါတယ်။
လမ်းလျှောက်တဲ့သူတွေ ဖြတ်သန်းသွားတဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၈ ခု အပါအ၀င် ပဲခူးတိုင်းဒေသကြီးထဲက ပဲခူးနဲ့ ဒိုက်ဦးမြို့နယ်က အာဏာပိုင်တွေက တရားစွဲထားတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။
[caption id="attachment_35581" align="alignleft" width="150" caption="ဇန်န၀ါရီ ၂၁ ရက်နေ့က မြို့တော်ခန်းမရှေ့က စတင်လမ်းလျှောက်ထွက်ခဲ့ကြစဉ်"][/caption]
ငြိမ်းချမ်းရေးလိုလားတဲ့ သံဃာတော်နဲ့ လူငယ်အယောက် ၂၂ ယောက်ဟာ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်ကနေ ထွက်ခွာလာတာဖြစ်ပြီး သူတို့ကိုတော့ မြို့နယ် ၁၀ ခုက ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခွင့် ဥပဒေ ပုဒ်မ ၁၈ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
ပဲခူးမြို့နယ်ကနေ ၀င်ရောက်လာတဲ့သူတွေကိုတော့ ပဲခူးနဲ့ ဒိုက်ဦးမြို့နယ်အာဏာပိုင်တွေက စွဲဆိုတာလို့လည်း ဆိုပါတယ်။
ဒီစွဲဆိုချက်နဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်ထွန်းက “ဂျပန် ဒု-၀န်ကြီးချုပ် မြန်မာပြည်လာတုန်းက ဂျပန်စစ်သချိုင်္င်းမှာ ဂျပန်သူရဲကောင်းတွေကို လေ့လာပြီးတဲ့အခါ တရုတ်နိုင်ငံသားတွေဟာ မြန်မာပြည်မှာ ဂျပန်ဝန်ကြီးချုပ်ကို ဆန္ဒပြခဲ့ဖူးတယ်။ နော်ဝေနိုင်ငံသားတွေ လူ့အခွင့်အရေးနဲ့တရားမျှတမှုအတွက် စက်ဘီးစီး စီတန်းလှည့်လည်မှုတွေရှိပါတယ်။ အဲတော့ တခြား နိုင်ငံသားတွေဟာ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံသားတွေမရတဲ့ အခွင့်အရေးတွေ ခံစားရပြီးတော့ ကျနော်တို့တွေက ဒီအခွင့်အရေးနဲ့ပတ်သက်လာရင် မရတာတွေကတော့ တော်တော်ဆိုးဝါးတယ်လို့ မြင်တယ်။ ပုဒ်မ ၁၈ ဟာလည်း နိုင်ငံသားတွေရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်စွာသွားလာခွင့်ကို လည်မျိုညှစ်ထားမှုတခုလို့ မြင်ပါတယ်။”
အခုဆိုရင် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ၅၀ ပတ်ဝန်းကျင်လောက်ရှိပြီလို့လည်း ဆိုပါတယ်။
ခရီးရှည်လမ်းလျှောက်သူတွေဟာ ဒီနေ့ညနေက ဒိုက်ဦးမြို့ကိုရောက်ရှိနေပြီး မနက်ဖြန် ဒိုက်ဦးမြို့နယ် ဘုရားကြီးကျောင်းဝင်းထဲမှာ ကျောင်းထိုင်ဆရာတော်၊ မြို့ခံတွေနဲ့ ပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင်ကို စိုက်ထူပြီးတော့ ညောင်လေးပင်မှာ ညအိပ်ရပ်နားမယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေးအလံကို လွှင့်ထူ လမ်းလျှောက်တာဟာ ဥပဒေနဲ့ မညီတဲ့အတွက်လည်း လမ်းလျှောက်တဲ့အဖွဲ့ဟာ တားမြစ်ခံခဲ့ရပါတယ်။ သူတို့တွေက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပါတယ်။