Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများ ကျန်းမာရေးနှင့် စီးပွားရေး ဆိုးဝါးစွာ တွေ့ကြုံနေရ
DVB
·
January 24, 2013
အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ တွေ့ကြုံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်စုဆောင်းဖို့ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ  ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရတဲ့အတွက်လည်း မိသားစုစီးပွားရေး မလုပ်ဆောင်နိုင်ကြဘူးလို့ ဦးတိတ်နိုင်က ပြောပါတယ်။ [caption id="attachment_35708" align="alignright" width="150" caption=" ဦးတိတ်နိုင်"][/caption] “သာမန်လူတွေထက်စာရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးက၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သူများတွေထက်စာရင် ပိုထိခိုက်တယ်လို့ ပြောလို့ရတယ်။ စီးပွားရေးဘက်လည်း ဒီအတိုင်းပဲ။ တခြားသူတွေနဲ့ နှိုင်းစာရင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ အကျဉ်းထောင်ထဲနေရတဲ့အချိန်များလာတော့ ပြန်ထွက်လာရင် စီးပွားရေးအတွက် အလျဉ်မီအောင်မလုပ်နိုင်ဘူး ဖြစ်နေတယ်။” မြန်မာအစိုးရသစ်လက်ထက်မှာ  နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား ပြန်လွှတ်ပေးခဲ့ပေမယ့် အကျဉ်းထောင်တွေထဲမှာ ရာဂဏန်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ကျန်ရှိနေသေးတာပါ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး အတွက်  အေအေပီပီက  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့တွေ့ဆုံစဉ်မှာ တောင်းဆိုတိုက်တွန်းတာတွေလုပ်ခဲ့တယ်လို့လည်း   ဦးတိတ်နိုင်က ဆိုပါတယ်။ “အာမခံချက်တော့ သေသေချာချာ မရှိပါဘူး။ လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတာကိုတော့ ဆွေးနွေးတဲ့အခါမှာ ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးဖို့ကိစ္စကတော့ ညှိရတာ တော်တော်ခက်တယ်။ သူတို့ကလည်း နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာ သတ်မှတ်ထားတာမဟုတ်ဘူး။ ဒီဘက်မှာလည်း နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း ကျစ်ကျစ်လျစ်လျစ်မရှိသေးဘူး။ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ လွှတ်ပေးမှာပါ။ ဒါပေမယ့် အချိန်ကတော့ မြန်မြန်လွှတ်ပေးတဲ့လူတွေရှိသလို ကြာနိုင်တဲ့လူတွေလည်း ရှိပါတယ်။ အဲအပေါ်မှာ အားလုံးကို မြန်မြန်လွှတ်ပေးဖို့ကို ကြိုးစားရမယ်။ တဆက်တည်းမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို နှစ်ဖက်လုံးက သဘောတူ လက်ခံနိုင်မှ ဘယ်လိုလူမျိုးကို လွှတ်ရမလဲ၊ ဆိုတာ အဖြေထွက်လာမှာပါ။ အဲဒါမှမဟုတ်ရင် အဖြေထွက်ဖို့ ခက်တယ်။ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ အရေအတွက် ဆိုတဲ့သဘောလောက်ပဲ လွတ်လာမယ့်အခြေအနေရှိပါတယ်။ ကျန်နေတဲ့သူတွေက နိုင်ငံရေးအကျဉ်းသား ဟုတ်လား၊ မဟုတ်လားဆိုတာ ထပ်ပြီး အငြင်းပွားစရာ ဖြစ်နေဦးမှာပဲ။” အစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ငြင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ကိုဖွင့်ဆိုရာမှာ အစိုးရနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကြားမှာ သဘောထားကွဲလွဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024