သီရိလင်္ကာနိုင်ငံတွင် မဲဆန္ဒရှင်အချို့ သေနတ်ပစ်ခံရ
DVB
·
November 17, 2019
လူဦးရေ ၂၂ သန်းထဲမှာ မွတ်စလင် ၁၀ ရာခိုင်နှုန်းသာ ရှိတဲ့ သီရိလင်္ကာနိုင်ငံရဲ့ အနုရာဒပူရခရိုင်မှာ မဲရုံကိုလာတဲ့ မဲဆန္ဒရှင်အချို့ သေနတ်နဲ့ပစ်ခံရပါတယ်။
နိုဝင်ဘာ ၁၆ ရက်က ဘယ်သူဘယ်ဝါ မသိရတဲ့ အမျိုးသားအုပ်စုက မဲဆန္ဒရှင် မွတ်စလင်တွေကို တင်လာတဲ့ ဘတ်စ်ကားတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
အခုလို ပစ်ခတ်တာကြောင့် ဒဏ်ရာရသူ မရှိပေမယ့် ကားတာယာတွေ မီးလောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဧပြီလ တိုက်ခိုက်မှုတွေ ပြီးကတည်းက နိုင်ငံအတွင်း မွတ်စလင်တွေဟာ ရန်လိုမှုကို ရင်ဆိုင်နေရပါတယ်။
မြို့တော် ကိုလံဘိုနဲ့ တခြားနေရာတွေမှာ မဲရှင်တွေ အစောပိုင်းတည်းက ၆ နာရီထိ ကြာအောင် တန်းစီပြီး မဲပေးနေခဲ့ကြပြီး မဲရှင် ၆၀ ရာခိုင်နှုန်းထိ မဲလာပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ အကြမ်းဖက်မှု စောင့်ကြည့်ရေးဌာန နိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မန်ဂျူလာ ဂါဂျာနာယာကေက ပြောပါတယ်။
မဲရုံတွေ ပိတ်ပြီးတည်းက မဲစတင် ရေတွက်နေပေမယ့် မဲရလဒ်တွေကို နိုဝင်ဘာ ၁၇ ရက် အစောပိုင်းထိ ကြေညာနိုင်ဖို့ မျှော်လင့်မထားဘူးလို့ မီဒီယာတွေက အစီရင်ခံပါတယ်။