Home
မြန်မာသတင်း
အစိုးရနှင့်ဆက်ဆံရေးအခြေအနေကောင်းဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
November 17, 2019
လက်ရှိမှာ အစိုးရနဲ့ ဆက်ဆံရေးအခြေအနေကောင်းနေပြီး အစိုးရဆုံးဖြတ်ချက် အောင်မြင်အောင် လုပ်နိုင်တာကို လုပ်ပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဂျပန် The Yomiuri Shimbun သတင်းဌာနရဲ့ မေးမြန်းတာတွေကို ပြန်ဖြေခဲ့တာလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ တပ်မတော်ရဲ့ အဓိကတာဝန်၊ နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့နေရာမှာ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်ဖို့အတွက် အဓိကဖြစ်ပြီး လက်ရှိတက်လာတဲ့ အစိုးရကတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တက်လာတဲ့ အာဏာရပါတီကနေ ဖွဲ့စည်းထားတဲ့အစိုးရ၊ ပြည်သူကရွေးချယ်တဲ့ အစိုးရ ဖြစ်တာကြောင့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးက “အစိုးရနဲ့ဆက်ဆံရေး အခြေအနေကလည်း ကောင်းတယ်ပဲပြောရမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တပ်မတော်က လုပ်နေတဲ့ ကိစ္စရပ်တွေရှိသလို အစိုးရဦးဆောင်မှုနဲ့ လုပ်ဆောင်နေရတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါလည်း တပ်မတော်က ပံ့ပိုးကူညီပေးတာပါပဲ။ တချို့ဟာတွေမှာ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာလည်းရှိပါတယ်။ ဒါလည်း အစိုးရဆုံးဖြတ်ချက်ကို အောင်မြင်အောင်လည်း ကျနော်တို့ဘက်က လုပ်နိုင်တဲ့ဟာဆို လုပ်ပေးတာပေါ့။ မလုပ်နိုင်တဲ့ တချို့ဟာကျတော့လည်း အခြေအနေအရ မတတ်နိုင်တာလည်း ရှိပါလိမ့်မယ်” လို့ ပြောပါတယ်။ အစိုးရကလည်း သူ့ရဲ့ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်နေတာကို တွေ့ရပြီး အောင်မြင်တာ၊ မအောင်မြင်တာ၊ တိုးတက်တာ၊ မတိုးတက်တာကတော့ လက်ရှိဖြတ်သန်းလာရတဲ့ အခြေအနေ အရပ်ရပ်အပေါ်မှာ သုံးသပ်ကြည့်မယ်ဆိုရင် တွေ့နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာ အစိုးရအနေနဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားနေပေမယ့် နှောင့်နှေးနေပြီး တပ်မတော်အနေနဲ့ ဘယ်လို ကူညီနိုင်မလဲဆိုတဲ့မေးခွန်းကိုတော့ ပြင်ဖို့လိုတာတွေကို ပြင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဖြေပါတယ်။ “၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးတဲ့အခါမှာ ကျနော်တို့ထည့်သွင်းစဉ်းစားခဲ့တာရှိတယ်။ သမိုင်းနောက်ခံတွေစဉ်းစားခဲ့တယ်။ နောက် မတူညီတဲ့ကွဲပြားခြားနားမှုတွေ စဉ်းစားခဲ့တယ်။ ပြီးကျတော့ ပဋိပက္ခတွေဖြစ်ခဲ့တာတွေကိုပေါ့။ ဒါတွေလည်း ကျနော်ထည့်စဉ်းစားခဲ့တယ်။ နောက် ပြည်တွင်းပြည်ပဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို စဉ်းစားပြီးတော့မှ စောစောက ကျနော်ပြောတဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတာ ပေါ်လာတာ။ အရေးသုံးပါးကို ကျနော်တို့ ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ဟာကိုပါ အခြေခံပြီး Constitutionကို ရေးဆွဲတာပါ။ ဒါဟာ နိုင်ငံတိုင်း နိုင်ငံတိုင်း ဒီတိုင်းပါပဲ။ ဘယ်နိုင်ငံကြည့်ကြည့် သူတို့နိုင်ငံဘယ်လို တည်တံ့ခိုင်မြဲအောင်လုပ်မလဲ ဆိုတာကို အခြေခံ Concept ကို စဉ်းစားပြီးမှ လုပ်တာဖြစ်ပါတယ်။ ဒီ Constitution ပြင်ဆင်ရေး ဆိုတဲ့ နေရာမှာလည်း ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားပြီးတော့မှ ပြင်ဆင်ရေးကို သွားရမှာဖြစ် ပါတယ်။ ဒီပေါ်မှာ မူတည်ပြီးတော့ပဲ အခြေခံဥပဒေကို ကျွန်တော်တို့က ပြင်ဆင်ရေး လုပ်ငန်းတွေ သွားလို့ရှိရင်တော့ အဆင်ပြေလိမ့် မယ်လို့ ကျနော်ပြောလိုတယ်။” ၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက အကောင်းဆုံးအခြေအနေလို့ ယူဆခဲ့ပေမယ့် လက်တွေ့ကျင့်သုံးတဲ့အခါ လိုအပ်ချက်တွေတွေ့လို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်အပေါ်မူတည်ပြီး၊  နိုင်ငံရေး အခြေအနေအရပြောင်းလဲဖို့ လိုအပ်တာတွေကြောင့် ပြင်ပေးခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လောက် အကောင်အထည်ဖော်နိုင်ခဲ့ပြီလဲဆိုတာတော့ လက်ရှိအခြေအနေမှာ အကဲမဖြတ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။ လက်ရှိ လွှတ်တော်တွေထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေတာဟာ တပ်မတော်က အာဏာယူထားတာမဟုတ်ဘဲ ဒီမိုကရေစီအစိုးရစနစ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်သလို ဖြစ်အောင်လည်း ကြိုးစားနေပြီး ပျက်အောင်လုပ်မယ့်သူမှန်သမျှကို လိုအပ်တဲ့တုံ့ပြန်တာတွေလုပ် သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024