လားရှိုး လူနေရပ်ကွက်အချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ
ခွန်ဇော်ဦး
·
November 16, 2019
ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီနေ့မနက်ပိုင်းက လူနေရပ်ကွက်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ်တွေ ထိခိုက်ပျက်စီးပြီး ပြည်သူတွေ ထိတ်လန့်နေကြပါတယ်။
“ကျမတို့ ဒီထဲမှာ ထိုင်နေတဲ့အချိန်မှာ၊ အလုပ်လုပ်ပြီးလို့ ခဏနားနေတဲ့အချိန်မှာ အသံကြီးက ဝှီးဝှီး ဝှီးဝှီးဆို လာပြီးတော့ ဒီနားလေးလည်း ရောက်ရော အုန်းဆို အသံကြားလိုက်တာ။ အကုန်လုံး တုန်ပြီးတော့ လန့်ပြီး အောက်မှာ ဒီလိုလေးတွေ ဝပ်နေကြတာ။ အမေဆို တအားစိုးရိမ်ရလို့ အောက်အိမ်မှာ ခဏပို့ထားရတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ရသူ အမျိုးသမီးတဦးက ပြောပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတဦးက“ထိခိုက်တာကတော့ အိမ်သွပ်မိုးတို့၊ အိမ်ဝင်းထဲက ပစ္စည်းတွေ ထိခိုက်သွားတယ်။ အသံကတော့ အကျယ်ကြီးပဲ။ ဘယ်နှလုံးလောက်တော့ ရှိမလဲတော့ မသိဘူး။ နည်းနည်းတော့ များတယ်။ လေး ငါးလုံးလောက် ရှိမယ်။ ဆက်တိုက် ဗြုန်းဗြုန်းဆို ဆက်တိုက်ပဲ။ ထိခိုက်တာတော့မရှိဘူး၊ အဒေါ်တယောက်တော့ နားနည်းနည်းအူသွားတယ်။”
အခုလို လူနေရပ်ကွက်တွေထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာဟာ မဖြစ်သင့်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီမှာ သက်ကြီးရွယ်အိုတွေရော၊ မွေးကင်းစကလေးတွေရော အများကြီးရှိတယ်။ မထိမမှန်ဘူးဆိုပေမဲ့ သူတို့က အသံနဲ့ အတော်တုန်လှုပ်သွားကြတယ်လေ။ ဘယ်အဖွဲ့အစည်းပဲ ဖြစ်နေဖြစ်နေ လက်နက်ကိုင်ထားတာ၊ သူတို့ တိုက်ပွဲဖြစ်ချင်ရင် လွတ်ကင်းတဲ့နေရာမှာ ဖြစ်ရင် ပိုကောင်းတယ်။ သူတို့ဘာသူတို့ ဘာကို မကျေနပ်လို့ ဘယ်ကို ပစ်လဲမသိဘူး၊ အခုလိုမှာ လာထိတယ်ဆိုတော့ ပြည်သူလည်း လုပ်ငန်းကိုင်ငန်းပျက်တယ်။ ဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။”
လားရှိုးမြို့ တောင်ကုန်းတခုပေါ်ကနေ လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ ရပ်ကွက် ၉ အတွင်းက နယ်မြေ ၁ နဲ့ နယ်မြေ ၃ မှ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လျှော့တိုက်ဒုံးနဲ့ အခုလို ပစ်ခတ်သွားတယ်ဆိုတာ ဒီဗွီဘီက အတည်ပြုချက်ယူလို့ မရသေးသလို တပ်မတော်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကိုတော့ တပ်မတော်က ရှင်းလင်းရေး လုပ်နေပြီး စုစုပေါင်း လျှော့တိုက်ဒုံး ၁၀ လုံးလောက်ရှိတယ်လို့ သိရပါတယ်။