မောင်တောတွင် ကြက်သွန်နီ ၁ ပိဿာ ၃၅၀၀ အထိ မြင့်တက်နေ
DVB
·
November 16, 2019
ရခိုင်ပြည်နယ် နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြက်သွန်နီ အမြောက်အမြား တင်ပို့နေရတာကြောင့် နိုဝင်ဘာ ၁၆ ရက်နေ့က တပိဿာ ၃၅၀၀ ကျပ်အထိ ဈေးမြင့်တက်နေပါတယ်။
“ကုန်ဈေးနှုန်းက မြင့်တင်နေတာ ကြာပြီ။ တလကျော်ကျော်လောက် ရှိနေပြီ။ ဘင်္ဂလားကို ကြက်သွန်နီ တအားပို့နေရတာနဲ့ ဆိုင်တယ်။ အရင်ဆိုရင် ကြက်သွန်နီဈေးက ၁၂၀၀ ပဲရှိတာ။ အခုက လက်ကားဈေး ၃၃၀၀၊ လက်လီ ၁၅၀၀ အထိ မြင့်တက်လာတယ်။ အရင်ဆိုရင် ကြက်သွန်နီ တပိဿာ ၁၂၀၀ ဆိုတော အိမ်ရှင်မတဦးဟာ တပိဿာ ဝယ်တယ်။ အခုက ၃၅၀၀ ဆိုတော့ ပိဿာဝက်ပဲ ဝယ်တော့တယ်။ ဝယ်တဲ့သူကလည်း ဝယ်လိုအားကျသွားတယ်။ ရောင်းချတဲ့သူကလည်း ရောင်းအားကျသွားတယ်” လို့ မောင်တောမြို့ ဈေးသည်တဦး ဖြစ်တဲ့ ကိုမောင်ဝင်းသိန်းက ပြောပါတယ်။
အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်တဲ့အတွက်၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီ ရှားပါးသွားပြီး မြန်မာဘက်က ကြက်သွန်ဝယ်ယူမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
“ဘင်္ဂလားကို တင်ပို့နေတာကြောင့် ယခင်က တပိဿာ ၁၂၀၀ ကနေ အခု ဝယ်ဈေးက ၃၃၀၀ ထိရှိနေပြီး နောက်ထပ်လည်း ဈေးတက်လာနိုင်ပါတယ်” လို့ ဈေးသည်တဦးဖြစ်တဲ့ မာမတ်ဟာဘီဇူရာမောက်က ဆိုပါတယ်။
မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အောက်တိုဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြက်သွန်တန်ချိန် ၁၁၇၅ တန် တင်ပို့ခဲ့တယ်လို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နှစ်စဉ် ကြက်သွန်နီတန်ချိန် ၁ သိန်းလောက် လိုအပ်ပြီး ၃ ရာခိုင်နှုန်းသာ နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်တာကြောင့် ကျန်တဲ့ လိုအပ်ချက်တွေကို ပြည်ပနိုင်ငံတွေက ဝယ်ယူတင်သွင်းနေရတာလည်း ဖြစ်ပါတယ်။
ကောင်းကောင်း