မွန်ပြည်နယ်စည်ပင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ပြန်လည်စစ်ဆေးမည်
DVB
·
November 16, 2019
ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်လည်စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် ၂၄ ဘီလီယံကျော် သုံးစွဲပြီး လမ်းတံတားနဲ့ စည်ပင်သာယာ ဈေးတွေအပါအဝင် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့တာပါ။
အခုအခါမှာတော့ ဈေးတည်ဆောက်တာတွေနဲ့ မော်လမြိုင် ဈေးကြိုအဝိုင်း တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေအပေါ် ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရဲ့ ငွေကြေးသုံးစွဲမှုတွေနဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို ပြန်လည်စစ်ဆေးသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောပါတယ်။
အခုလို စစ်ဆေးမှုတွေ ဆောင်ရွက်ရာမှာလည်း လိုအပ်ရင် သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့က တာဝန်ရှိသူတွေကို ခေါ်ယူ ကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဆေးမှုမှရရှိလာတဲ့ တွေ့ရှိချက်တွေကို လာမယ့် လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာတင်သွင်းသွားဖို့ ကော်မတီက စီစဉ်ထားတာပါ။
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို စာရင်းစစ်ချုပ်ရုံး အပါအဝင် လွှတ်တော်ရဲ့စစ်ဆေးမှုတွေကို နှစ်စဉ်ခံယူနေတယ်လို့ စည်ပင်သာယာရေးအဖွဲ့ ဒုအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကို ပြောပါတယ်။
ဒါ့အပြင် စည်ပင်အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ပြီးစီးမှုတွေကို ဌာနပေါင်းစုံပါဝင်တဲ့ အရည်အသွေး စစ်ဆေးရေးကော်မတီရဲ့ စစ်ဆေးမှုတွေကိုလည်း ခံယူနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြီးခဲ့တဲ့ ဘဏ္ဍာရေနှစ်အတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေထဲမှာတော့ ကျပ်သိန်း ၁၅၀၀ တန် မော်လမြိုင် ဈေးကြိုအဝိုင်းအပေါ် ပြည်သူလူထု ဝေဖန်တာ အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။
ဇော်လွင်ထွဋ်