ရသေ့တောင် တပ်မတော်တပ်ရင်း ၃ ခုကို အေအေက လက်နက်ကြီးများဖြင့် ပစ်ခတ်
ဝဏ္ဏခွာညို
·
November 16, 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့က တပ်ရင်း ၃ ခုကို နိုဝင်ဘာ ၁၅ ရက်ည ၁၁ နာရီအချိန်လောက်မှာ ရက္ခိုင့်တပ်တော် အေအေက အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီရသေ့တောင်မြို့ထက်မှာ တပ်ရင်းသုံးခုရှိတယ်။ ဒီကောင်တွေက ယောင်ယမ်းပြီးတော့ ပစ်လိုက်တယ်။ အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ဘာမှမဖြစ်ဘူး။ ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်တာ၊ တပ်ရှိတဲ့နေရာကို လှမ်းပစ်တာ၊ မကျပါဘူး။ လယ်ကွင်းပြင်ကို ကျတယ်။ အလကားပဲ၊ တောပစ် တောင်ပစ် လျှောက်ပစ်တာ။”
လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိသလို ပျက်စီးဆုံးရှုံးတာလည်း တစုံတရာမရှိဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီအချိန်စလို့ ရသေ့တောင်မြို့ပေါ်နဲ့ မနီးမဝေးမှာရှိတဲ့ ခမရ ၅၃၈၊ ၅၃၇၊ ၅၃၆ တို့ကို အေအေက ဝင်ရောက်ခိုက်ခဲ့ပြီး မနက် ၃ နာရီအချိန်အထိ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ တပ်ရင်းအနားမှာရှိနေတဲ့ ငတောက်တူချေ ကျေးရွာ ဒေသခံတွေက ပြောဆိုပါတယ်။
“အေအေ ၁၁ နာရီလောက်မှာ ဝင်တိုက်တယ်။ ရသေ့တောင်မြို့နဲ့ သိပ်မဝေးတဲ့ ကျနော်တို့ရွာနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ တပ်ရင်းသုံးခုကို အေအေက ဝင်တိုက်တာ။ ခမရ ၅၃၈၊ ၅၃၇၊ ၅၃၆ ခု၊ အဲ့ဒီနေရာက လက်နက်ကြီးအမြောက်တွေနဲ့ ပစ်နေတဲ့နေရာ၊ ပစ်ခတ်သံတွေကတော့ ဆူညံနေတာပဲ၊ သုံးနာရီလောက်လောက်မှာ ပစ်ခတ်သံတွေကတော့ ပြီးသွားတယ်။ အဲဒီတပ်ရင်းနားက ကျေးရွာတွေကတော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်လို့ အကုန်ထွက်ပြေးကြတာ။”
တဖက် ပစ်ခတ်နေတဲ့အချိန်မှာ အနီးအနားကျေးရွာတွေက ဒေသခံတွေ ဘေးလွှတ်ရာ ထွက်ပြေးရာကနေ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး ကျည်ထိမှန်သွားတယ်လို့ ငတောက်တူချေကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
“ကျနော်တို့ရွာက ငတောက်တူချေကျေးရွာက ထွက်ပြေးလာကြတာ၊ အဲဒီမှာ ချောင်းကို အကူးမှာ လှမ်းပစ်လိုက်တယ်။ ည ၁၁ နာရီကျော်လောက်မှာ ဖြစ်တယ်။ ပြေးနေတဲ့အချိန်မှာ လှမ်းပစ်ခံရတာ။ အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကျည် ထိသွားတယ်။ ရွာမှာ တယောက်မှ မနေရဲတော့ဘူးလေ။ ဒီလောက် ပစ်ခတ်နေတာကို။”
ကျည်ထိမှန်ဒဏ်ရာရှိခဲ့သူဟာ ငတောက်တူချေကျေးရွာက အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် ဒေါ်သိန်းအေးမဖြစ်ပြီး ဘယ်လက်မောင်းမှာ ကျည်ဝင်သွားလို့ ရသေ့တောင်ဆေးရုံ ကုသမှုခံယူနေပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ခမရ ၅၃၈၊ ၅၃၇၊ ၅၃၆ တပ်ရင်းအနီးအနားမှာရှိတဲ့ ကန်ပြင်ကျေးရွာ၊ ငတောက်တူချေ၊ ရွှေကန် အဲဒီကျေးရွာသုံးရွာက ဒေသခံတွေဟာ နီးစပ်ကျေးရွာတွေနဲ့ ရသေ့တောင်မြို့ကို ထွက်ပြေးခဲ့ကြတယ်လို့ ငတူချေကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ထွက်ပြေးလာတဲ့ မောင်သိန်းမြင့်က “အဲဒီတပ်ရင်းသုံးကနေပြီး နေ့တိုင်းလိုလို လက်နက်ကြီးတွေ ပစ်ခတ်တယ်။ တဂျိမ်းဂျိမ်းနဲ့ ပစ်ခတ်နေတာ၊ ဘယ်ကို ပစ်ခတ်တယ်ဆိုတာ မသိဘူး။ မနေ့ကဖြစ်တာ၊ ၁၁ နာရီလောက်စဖြစ်တာ၊ ၃ နာရီလောက်မှ သေနတ်သံတွေ ရပ်စဲသွားတယ်။ ထိခိုက်အကျအရှုံးကိုလည်း ကျနော်တို့ မသိဘူး။ အဲဒီတပ်ရင်းကို အေအေ ဝင်တိုက်ခိုက်ခဲ့တယ် ဆိုတာလောက်ပဲ သိတယ်။”
ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်အေအေက ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်ရာမှာ ဌာနချုပ်ကို မေးမြန်းထားပြီး အသေးစိတ်မသိရသေးဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။