မြန်မာနိုင်ငံကို အိုင်စီစီတရားရုံးက  စတင်စုံစမ်းစစ်ဆေးခွင့်ပြု

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)က  ခွင့်ပြုမိန့်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့ တရားစွဲသူတွေအနေနဲ့ အိုင်စီစီရဲ့ တရားစီရင်ပိုင်ခွင့်ထဲကနေ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ပိုင်ခွင့်ပြုလိုက်တဲ့အကြောင်း နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီ တရားရုံးက နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ပါတယ်။  ဒီလိုစုံစမ်းစစ်ဆေးမှုလုပ်ရာမှာ   ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို စနစ်တကျ လုပ်ဆောင်တာ၊ နေရပ်ကနေနှင်ထုတ်ပြီး လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာ၊ တိုင်းရင်းသားဖြစ်မှုအရ ဒါမှမဟုတ် ဘာသာရေးအရ ဖိနှိပ်မှုတွေ ကျူးလွန်မှုရှိမရှိ စုံစမ်းဖို့ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် တရားစီရင်ခွင့်မရှိတဲ့ အကြောင်းနဲ့ အိုင်စီစီအပါအဝင် မြန်မာနိုင်ငံကို ခုံရုံးတွေတင်ဖို့ကြိုးပမ်းတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်း မြန်မာအစိုးရက အစဉ်တစိုက် ပြောနေတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက  “မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) လည်း အပါအဝင်ဖြစ်ပါတယ်။ အိုင်စီစီနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အိုင်စီစီဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”လို့ ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း မြန်မာနိုင်ငံကို  အာဖရိကတိုက်အနောက်ပိုင်းရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်မှုနဲ့    အိုအိုင်စီအဖွဲ့ကိုယ်စားတရားစွဲထားပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို  ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ယူကေအခြေစိုက် ရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်ထားပါတယ်။ ဒီတရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး တရားစွဲဆိုတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အိုင်စီဂျေက တရားစွဲ ထားတဲ့အမှုကို မဖြစ်မနေ ဖြေရှင်း ရတော့မယ်လို့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် စာချုပ်မှာ စာချုပ်ပါ အချက်တွေကို ချိုးဖောက်ရင်အရေးယူ အပြစ်ပေးနိုင်တဲ့ သဘောတူညီချက်တွေပါဝင်ပါတယ်။ အခုလို တရားစွဲဆိုခံလိုက်ရတာဟာ ကမ္ဘာမျက်နှာစာမှာ နိုင်ငံရဲ့ ပုံရိပ် ထိခိုက်သလို နောက်ပိုင်း နိုင်ငံ့စီးပွားရေးပါ ထိခိုက်မှာ စိုးရိမ်ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။  မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လုံးဝ လက်ခံခြင်း မရှိသလို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up