တရုတ်နိုင်ငံရောက် လူကုန်ကူးခံရသူများကို ကယ်ဆယ်ရန် ခက်ခဲဟု လူကုန်တားရဲတပ်ဖွဲ့ပြေ
DVB
·
November 15, 2019
လူကုန်ကူးခံရပြီး တရုတ်နိုင်ငံ ရောက်နေသူတွေဟာ မိဘနဲ့အဆက်အသွယ်ရပေမဲ့ ပြန်လည်ကယ်ဆယ်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ တာချီလိတ်ခရိုင်လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးယဉ်ယဉ်အေးက ပြောပါတယ်၊။
“ထိုင်းနိုင်ငံဆိုရင်တော့ သူတို့ကိုင်ထားတဲ့ ဖုန်းနံပါတ်ရရုံနဲ့ အဲဒီဖုန်းနံပါတ်တည်နေရာ ရပြီဆိုရင် ထိုင်းနိုင်ငံက ကယ်ပေးလို့ရပြီ တရုတ်နဲ့ကျတော့ ကျမတို့နိုင်ငံနဲ့ MOU ထိုးတာတာလည်း မရှိဘူး။ တရုတ်နိုင်ငံသားတွေကြတော့ သူတို့ရောက်နေတဲ့နေရာ အတိအကျသိမှ ပြီးတော့ သူကိုယူထားတဲ့ ခင်ပွန်းနာမည် အတိအကျရမှ အဲလိုမျိုးတွေကြောင့် နောက်ပြီး wechat ကိုသုံးတာ မသုံးတတ်တာ၊ သမီးလေးတွေနဲ့ မိဘတွေနဲ့တော့ အဆက်အသွယ်ရှိပေမဲ့ တည်နေရာ အညွှန်းကိန်းမရတော့ နည်းနည်းခက်ခဲတယ်။”
လူမှုဝန်ထမ်းအနေနဲ့လည်း ပြန်လည်လည်လက်ခံရရှိလာတဲ့ မိန်းကလေးတွေကို မိဘတွေဆီ ပြန်လည်ဆက်သွယ်အပ်နှင်းရာမှာ ကြန့်ကြာမှုရှိနေတယ်လို့ ကျိုင်းတုန်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ဒုဦးစီးမှူး ဒေါ်အားမီက ပြောပါတယ်။
“တရုတ်ရဲက ပြန်အပ်လာတဲ့ ကလေးတွေကို မြန်မာရဲက လက်ခံရတယ်၊ အဲဒီကမှ လူမှုဝန်ထမ်းကို လွှဲပြောင်းပေးတယ်။ အဲဒီကြမှ သူတို့ရဲ့ မိသားစုကို ပြန်ပြီးစုံစမ်းရတာတွေရှိတယ်၊ အဲလိုစုံစမ်းမှ သူတို့ရဲ့ မိသားစုရပ်ရွာကို အမှန်တကယ်တွေ့မှ ပြန်ပြီးအပ်နှံပေးရတာ။”
တရုတ်နိုင်ငံမှာ တနှစ်ကျော် တရုတ်မယားအဖြစ် လူကုန်ကူးခံရသူတဦးက “လိုင်းပေါ် မှာတွေ့တယ် သူတို့လည်း ပြန်ချင်တယ်။ အဆက်အသွယ်မရဘူး ဘယ်လို လုပ်ရမလဲ ပြောတယ်။ ပြောတဲ့အချိန်မှာဘဲ ဒီအကြောင်းကို လိုင်းပေါ်ကတဆင့် (WECHAT) သူတို့ ယူထားတဲ့ တရုတ်ဆီ အရောက်ပို့ပြီး ပြဿနာတက်တာတွေလည်း အများကြီးတွေ့ရတယ်။ သူတို့ မျိုးဆက်ပွားရေးကို ဗမာအမျိုးသမီးတွေတင်မဟုတ်ဘဲ တခြားနိုင်ငံက အမျိုးသမီးတွေပါ အသုံးချနေတာ။ ဒါကို လူတွေ က ငွေကိုပဲ မြင်ကြတာ၊ အဲဒီမှာ ကလေးတွေ သုံးလေးယောက်နဲ့ ဒုက္ခရောက်နေတဲ့ အမျိုးသမီး တွေလည်း အများကြီးပဲ၊ ကိုယ်တိုင်ကြုံခဲ့တဲ့အပြင် မြင်ခဲ့ရတာပါ”လို့ ပြောပါတယ်။
တရားလွှတ်တော် ရှေ့နေဦးမျိုးမင်းဇော်ကတော့ ကြန့်ကြာမှုတွေ အခက်အခဲတွေအတွက် အိမ်နီးခြင်းနိုင်ငံတွေဖြစ်ကြလို့ ပူးပေါင်းပါဝင်သင့်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံရမှုတွေထဲမှာ တရုတ်နိုင်ငံကို အတင်အဓမ္မ လက်ထပ်ထိမ်းမြားမှုက ၇၀ ရာခိုင်းနှုန်းအထိ ရှိနေတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
ကိုလင်း(ချောက်)