ပါမောက္ခချုပ် ဆရာတော် သက်တော်ပြည့်၍ အနားယူခြင်းဖြစ်ဟု သာသနာရေးဝန်ကြီးရှင်းလင်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 14, 2019
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဟာ သက်တော်ပြည့်တဲ့အတွက် အနားယူခြင်းသာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။
နိုဝင်ဘာလ ၁၄ ရက်က နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြုံပြု ဆွေးနွေးပွဲမှာ ပြောသွားတာပါ။
ဆရာတော်ကြီး အနားယူတဲ့အပေါ် ကောလဟာလအမျိုးမျိုး ထွက်ပေါ်နေပေမယ့် ဆရာတော်ကြီး ကိုယ်တိုင်တာဝန်ကနေ နုတ်ထွက်သွားတာလို့လည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ဆွေးနွေးပွဲကိုတော့ ဘာသာပေါင်းစုံ တိုင်းရင်းသားပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်ရဲ့ ဒုတိယသမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ သုံးကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်နဲ့ ဒုတိယ အကြိမ်တွေမှာတုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။