တရုတ်နိုင်ငံသားပိုင် ငါးအမှုန့်ကြိတ်စက်ရုံပိတ်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
November 14, 2019
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကင်းမြောက်ကျေးရွာအုပ်စု ကင်းပင်လယ်နားကျေးရွာမှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် ကျောက်မီးသွေးသုံး ငါးအမှုန့်ကြိတ်စက်ရုံက ထွက်တဲ့အနံ့အသက်တွေ ကြောင့် အနီးမှာရှိတဲ့ ဒေသခံပြည်သူတွေ ကျန်းမာရေးထိခိုက်နေတဲ့အတွက် စက်ရုံပိတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကင်းပင်လယ်နားကျေးရွာနေ မအိအိမွန်က “ကျောက်မီးသွေးနံ့နဲ့ ငါးပုပ်နံ့တွေကြောင့် အခု ရွာသူရွာသားတွေ ရွာမှာမနေနိုင်ဘဲ တခြားရွာကိုတောင် ထွက်ပြေးနေရတယ်။ ပြီးတော့ ကျန်းမာရေး ထိခိုက်တယ်ဆိုတာကတော့ ညီမ ဆိုလည်း အခုဆိုရင် မျက်နှာရောင်ပြီးတော့ ပွတယ်၊ ပြီးတော့ အသက်ရှူလမ်းကြောင်းတွေ ထိခိုက်တယ်၊ အသက်ရှူကြပ်ပြီးတော့ အသက်ရှူလို့ မရဘူး၊ ပြီးတော့ အန်တယ်၊ ဝမ်းပြည့်တယ်၊ ရင်ပြည့်ရင်ကယ်ဖြစ်တယ်။ ဆရာ၊ ဆရာမတွေဆို ကလေးတွေကို စာမသင်နိုင်ဘူး။ ဟိုနေ့ကဆိုရင် ကျောင်းပိတ်လိုက်ရတယ်။ စက်ရုံကို အမြန်ဆုံး ပိတ်စေချင်ပါတယ်” လို့ ပြောပါတယ်။
ကင်းပင်လယ်နားကျေးရွာဒေသခံ ဦးမောင်ဖြူဝင်းက “ကျနော်တို့တွေဟာ ဆိုးကျိုးတွေကို အဆမတန်ခံစားကြရပါတယ်။ ဆိုးကျိုးဆိုတာကတော့ အမှုန့်ကြိတ်စက်ရုံကြိတ်လိုက်တဲ့အချိန်မှာ ဘယ်အနံ့နဲ့မှမတူတဲ့ ပုပ်တဲ့အနံ့၊ ညှော်နံ့ရယ်က အဆိပ်ငွေ့တွေကို ရှူရှိုက်ရသလို တရွာလုံး ခံစားရပါတယ်။ ဒီအနံ့တွေကို ရှူရှိုက်မိတဲ့အတွက် မြစ်ကမ်းနားမှာနေတဲ့ မလှဆိုသူရဲ့ မြေးတယောက်မှာလည်း ဆုံးရှုံးသွားပြီးပါ” လို့ ပြောပါတယ်။
အဲဒီစက်ရုံဟာ ကျောက်မီးသွေးအသုံးပြုပြီး လည်ပတ်နေတဲ့ စက်ရုံဖြစ်တာကြောင့် ဒေသခံပြည်သူကိုရော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိနိုင်တာကြောင့် လက်မခံနိုင်သလို စက်ရုံလည်ပတ်တာ တလမပြည့်သေးတဲ့အချိန်မှာပဲ ဒေသခံတွေဟာ ဆိုးကျိုးတွေ ခံစားလာရ တာဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တာဝန်ယူတာဝန်ခံတာတွေ အားနည်းနေတာကြောင့်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ ဦးစိုးရွှေက ပြောပါတယ်။
“တာဝန်ယူတာဝန်ခံမှုအနေနဲ့ တအားကိုအားနည်းတာပေါ့နော်၊ နောက်ကျောက်ဖြူမှာရှိနေတဲ့ ဌာနဆိုင်ရာတွေ မြို့နယ်အဆင့်၊ ခရိုင်အဆင့် နောက်တခုက ရခိုင်ပြည်နယ် အစိုးရရော ဘာမှ တာဝန်ယူဖြေရှင်းပေးတာမျိုးကို အခုထိမတွေ့ရသေးဘူးပေါ့။”
တရုတ်နိုင်ငံသားပိုင် ငါးအမှုန့်ကြိတ်စက်ရုံမှထွက်ရှိလာတဲ့ ဆိုးဝါးတဲ့အနံ့အသက်တွေနဲ့အတူ စက်ရုံကထွက်တဲ့ စွန့်ပစ်အညစ်ကြေးတွေကြောင့် စက်ရုံအနီးမှာရှိတဲ့ ရွာ ၁၀ ရွာက ဒေသခံတွေဟာ ဆိုးဝါးစွာခံစားနေရပြီး ကျန်းမာရေးကိုပါ ထိခိုက်လာတာကြောင့် စက်ရုံကို အပြီးတိုင်ပိတ်သိမ်းပေးဖို့ ဒေသခံတွေက လိုလားနေကြပြီး စက်ရုံကို မပိတ်ပေးပါက ကန့်ကွက်ဆန္ဒပြသွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောင်နောင်