Homeမြန်မာသတင်း
ရှမ်းပြည်နယ် ကွတ်ခိုင်နှင့် ကျောက်မဲတွင် တိုက်ပွဲပြင်းထန်၊ ကျောင်းဘော်ဒါဆောင်လက်နက်ထိမှန်
ရှမ်းပြည်နယ် ကွတ်ခိုင်နှင့် ကျောက်မဲတွင် တိုက်ပွဲပြင်းထန်၊ ကျောင်းဘော်ဒါဆောင်လက်နက်ထိမှန်
နန်းမြနဒီ
·
November 13, 2019
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်နဲ့ ကျောက်မဲမြို့နယ်ထဲ မှာ ဒီနေ့မနက်က တပ်မတော်နဲ့ တီအန်အယ်လ်အေတပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကွတ်ခိုင်ရှိ တအာင်း ပညာရေးဘော်ဒါဆောင်ကို လက်နက်ကျည်ထိမှန်တဲ့အတွက် ဆရာဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ အနီးနားကျေးရွာက ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကွတ်ခိုင်အခြစိုက် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းဝင်တဦးကတော့ တအာင်း ပညာရေး ဘော်ဒါဆောင်ကျောင်းက ဆရာဆရာမနဲ့ ကလေးတွေကို ပရဟိတအဖွဲ့ အစည်းတွေက ကား ၇ စီးနဲ့ သွားကြိုနေပြီး သူတို့ကို ကွတ်ခိုင်တအာင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ ခိုလှုံဖို့ စီစဉ်ထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်အိုက်ကျော်က “ဒီကနေ့မနက်တော့ ကွတ်ခိုင်ဘက်မှာ နှစ်နေရာနဲ့ ကျောက်မဲဘက်မှာ တနေရာ တိုက်ပွဲဖြစ်တယ်။ ကွတ်ခိုင်က ဂေါက်ကွင်းနားနဲ့ လွိုင်ဆမ်ဆစ်တောင်ခြေနား ပြည်ထောင်စု လမ်းမကြီးပေါ်မှာ မနက် ၇ နာရီလောက်က၊ တပ်မတော်ဘက်ကလည်း အင်အားများတယ်။ ကျနော်တို့ဘက်လည်း အင်အားများတယ်။ ခုလောလောဆယ် ငြိမ်သွားပေမယ့် နှစ်ဘက်တပ် ဆိုင်နေတုန်းပဲ။ ကျောက်မဲကတော့ တောထဲမှာ ဖြစ်တာ ၇ နာရီခွဲလောက်က”လို့ ပြောပါတယ်။
ဒီမတိုင်ခင်ရက်ပိုင်းက မြန်မာ့တပ်မတော်ဟာ ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲမြို့နယ်ထဲရှိ တီအန်အယ်လ်အေ တပ်တွေရှိရာဘက်ကို ထိုးစစ်ဆင်လာလို့ မိမိကိုယ်မိမိ ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ရတာလို့လည်း ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။
“ဒီနေ့တိုက်ပွဲဖြစ်ရတဲ့အကြောင်းက ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တုန်းက ကျနော်တို့ တပ်မဟာ ၂ နယ်မြေ ကျောက်မဲဘက်ရော၊ မန်တုံဘက်ရော နမ့်ဆန်မှာရော တပ်မတော်ဘက်ကနေပြီး အင်အားအများကြီးနဲ့ လာတိုက်တယ်။ ကျောက်မဲနဲ့ နမ့်ဆန်ကြားက ကျနော်တို့ ယာယီစခန်းကို လာပစ်တယ်။ ကျနော်တို့ ဆုတ်ခွာတော့ အဲဒီနေရာကို အာရ်စီအက်စ်အက်စ်က ဝင်ပြီးနေရာယူတယ်။ အဲဒီလို ဖြစ်နေလို့ ကျနော်တို့ တပ်ကလည်း မလွဲမရှောင်သာဘဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်ပစ်နေတာ ဖြစ်တယ်။”
တိုက်ပွဲကြောင့် လားရှိုး-မူဆယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု တွေလည်း ဖြစ်နေပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားရာလမ်းကြောင်းတွေကို ရှောင်ရှားဖို့၊ မလွဲမရှောင်သာ သွားလာဖို့လိုအပ်ရင် သူတို့ကို ကြိုတင်အကြောင်းကြားပါက သွားလာနိုင်ရေး စီစဉ်ပေးမယ်လို့ တီအန်အယ်အေအဖွဲ့က ပြောပါတယ်။