Home
မြန်မာသတင်း
ကျုံဒိုး ဗုံးခွဲတရားခံဖမ်းမမိသေး၊ ပြည်နယ်ရဲတပ်ဖွဲ့ လိုက်လံစုံစမ်းနေ 
ဆုဆုသွယ်
·
November 12, 2019

ကျုံဒိုးမြို့တန်ဆောင်တိုင်ပွဲတော်မှာ ရဲလုံခြုံရေးကားကို လက်ပစ်ဗုံးနဲ့ ပစ်သွားတဲ့ တရားခံကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးကြီး ဦးအောင်မြတ်မိုးက ပြောပါတယ်။

ကရင်ပြည်နယ် ကျုံးဒိုးမြို့မှာကျင်းပတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ လုံခြုံရေး ရဲကင်းလှည့် နေတဲ့ကားကို မနေ့ည ၈ နာရီခွဲလောက်က ဆိုင်ကယ်စီးသူတဦးက ကားနောက်ခန်းကိုလက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့လို့ ပေါက်ကွဲမှုဖြစ်ပွားပြီး  ရဲ ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။ 

ဒဏ်ရာရရှိသူတွေထဲက ၉ ဦးက ဘားအံဆေးရုံမှာဆေးကုသမှုခံယူနေရပြီး  ၃ ဦးကတော့ ကျုံဒိုးဆေးရုံမှာ တက်ရောက်ပြီး ဆေးကုသမှုခံယူနေရပါတယ်။ 

ဆေးရုံတက်ကုသမှုခံနေရသူတွေထဲမှာ ရဲအရာရှိ ၂ ဦးနဲ့ ရဲတပ်ကြပ်ကြီး ၂ ဦးတို့ ပါဝင်ပါတယ်။ ဒဏ်ရာရရှိပြီး ဆေးရုံတက်နေသူတွေကို အချိန်မီဆေးကုသမှု ပေးနေပြီး လူနာတွေကတော့ ဆိုးဆိုးဝါးဝါးအသက်အန္တရာယ်ရှိနိုင်တဲ့  အနေအထားမရှိဘူးလို့ ဘားအံမြို့မဆေးရုံ တာဝန်ရှိသူ ဒေါက်တာရဲကျော်သူက ပြောပါတယ်။

ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေတဲ့လူနာတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အပါအဝင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က လာရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။

အခင်းဖြစ်တဲ့ နေရာတဝိုက်မှာ စျေးဝယ်သူတွေ၊ အိမ်ရှေ့သန့်ရှင်းရေးလုပ်နေတဲ့သူတွေ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ကားစောင့်ဆိုင်းနေသူတဦးဖြစ်တဲ့ ကိုဇော်ဝမ်း(ခ)ကျော်သူရ ကတော့  ဦးခေါင်းကို ဗုံးဆန်ထိမှန်သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့အရပ်သားတဦးရဲ့ဖခင်ကတော့ “ရဲကားဗုံးကွဲခံရမှု ဖြစ်စဉ်ကြောင့် သားလေးသေဆုံးသွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး နောက်နောင်ဒီလိုမျိုးဖြစ်စဉ်တွေ လုံးဝမဖြစ်စေချင်ဘူး”လို့ ပြောပါတယ်။

လုံခြုံရေးရဲကားကို လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ပေါက်သူဟာ ပစ်ပေါက်ပြီးတဲ့နောက်မှာ ကျုံဒိုးချောင်းဖျားဘက်ကို ဆိုင်ကယ်နဲ့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေရဲ့ပြောဆို ချက်အရ သိရပါတယ်။

 

ဗုံးကြောင့်ပျက်စီးသွားတဲ့ ရဲလှည့်ကင်းကားကိုတော့ ကျုံဒုံးမြို့နယ်ရဲစခန်းမှာပြန်လည် သိမ်းဆည်းထားပြီး ဗုံးခွဲတရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့အတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းကြိုးပမ်းနေပါတယ်၊

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024