Homeမြန်မာသတင်း
သုံ့ပန်းလဲလှယ်မည်မဟုတ်၊ အကြမ်းဖက်အဖွဲ့နှင့် ဆွေးနွေးသည့်ထုံးစံမရှိဟု တပ်မတော်တုံ့ပြန်
သုံ့ပန်းလဲလှယ်မည်မဟုတ်၊ အကြမ်းဖက်အဖွဲ့နှင့် ဆွေးနွေးသည့်ထုံးစံမရှိဟု တပ်မတော်တုံ့ပြန်
အောင်သူ
·
November 12, 2019
သုံ့ပန်းအချင်းချင်းလဲလှယ်လိုကြောင်း အေအေရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဆွေးနွေးသွားဖို့မရှိဘူးလို့ တပ်မတော်က ပြန်လည် တုံ့ပြန်လိုက်ပါတယ်။
အေအေဘက်က ဖမ်းဆီးထားတဲ့စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၇ ယောက်နဲ့ တပ်မတော်ဘက်က အေအေနဲ့ဆက်စပ် တရားစွဲဆိုထားတဲ့သူတွေကို ကြားဝင်စေ့စပ်ပေးနိုင်တဲ့သူရှိရင် သုံ့ပန်းချင်း လဲလှယ်လိုတယ်လို့ ရက္ခိုင့်တပ်တော် အေအေဘက်က နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတပ်မတော်တွေမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတာမရှိလို့ မြန်မာ့တပ်မတော်နေနဲ့လည်း အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။
စစ်သုံ့ပန်းဆိုတာက နှစ်ဖက်တိုက်ပွဲဖြစ်ချိန် စစ်ပွဲအတွင်းဖမ်းမိတဲ့သူတွေကို သုံးနှုန်း ခေါ်ဆောင်တာဖြစ်ပြီး အေအေ အဖွဲ့ရဲ့အခုဖမ်းဆီးမှုတွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်တယ်လို့ လည်း ပြောပါတယ်။
အေအေအဖွဲ့နဲ့ပတ်သက်ပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးတဲ့အခါမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပြီး တရားရုံးတင် တရားစွဲဆိုခဲ့သလို အပြစ်မရှိလို့ တရားရုံးက ပြန်လွှတ်တဲ့အခါမှာလည်း စောဒကတက်ခဲ့တာ မရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောပါတယ်။
သုံ့ပန်းလဲမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီ သတင်းဌာနက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။
အေအေဘက်ကတော့ ဖမ်းထားသူတွေကို အေအေအဖွဲ့ရဲ့ သုံ့ပန်းထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းတွေနဲ့အညီထိန်းသိမ်းထားပြီး မြန်မာတပ်မတော်ဘက်က ဖမ်းဆီးထားတဲ့သူတွေကိုလည်း ကောင်းမွန်စွာထိန်းသိမ်းထားမယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေဆက်ရှိနေတာကြောင့် အေအေကဖမ်းထားတဲ့သူတွေ လက်နက်ကြီးကျည်ထိမှန် သေဆုံးမှာကို အထူးစိုးရိမ်တယ်လို့လည်း အေအေထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ အခုလို လဲလှယ်မှုလုပ်ဖို့ပြောတာဟာ နိုင်ငံရေးအရဖြေရှင်းတာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး စစ်သုံ့ပန်းဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကိုလည်း သဘောမတူဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ်က ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ အေအေအဖွဲ့တို့တိုက်ပွဲကြားမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အရပ်သားပြည်သူတွေနဲ့ နိုင်ငံဝန်ထမ်းတွေအပြင် အိန္ဒိယနိုင်ငံသားတွေကိုပါ အေအေက ဖမ်းဆီးခဲ့တာ ရှိပါတယ်။