ဆေးခြောက်တရားဝင်ခွင့်ပြုရေးလှုပ်ရှားသည့် လူငယ်အချို့ကို အမှုဖွင့်
ရန်နိုင်ဇော်ဝင်း
·
November 12, 2019
ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုပေးဖို့ ရန်ုကုန်မြို့မှာ မနေ့က လှုပ်ရှားတောင်းဆိုခဲ့တဲ့ လူငယ်တချို့ကို အမှုဖွင့်ထားတယ်လို့ ကျောက်တံတားမြို့နယ်ရဲစခန်း စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလော ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားပြီး စိစစ်နေဆဲဖြစ်တယ်၊ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး အခုလက်ရှိအချိန်အထိတော့ ဖမ်းမမိသေးပါဘူးလို့လည်း ပြောပါတယ်။
ဆေးခြောက်ဟာ သာမန်သစ်ရွက်ဖြစ်တဲ့အတွက် တခြားမူးယစ်ဆေးတွေနဲ့စာရင် ဘေးအန္တရာယ်လျော့နည်းပြီး နိုင်ငံတော်အနေနဲ့ တရားဝင်ခွင့်ပြုပေးမယ်ဆိုရင် ဘိန်းစိုက်တောင်သူ တွေပါ စိုက်ပျိုးလာပါက ဘိန်းသုံးစွဲမှုလျော့ကျသွားမယ်လို့ ဦးဆောင်လှုပ်ရှားတဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆေးခြောက်ကို ဥပဒေနဲ့ကန့်သတ်ထားတဲ့အတွက် ဥပဒေပြုရေးအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆေးခြောက်အပင်တွေကို ဥပဒေပြဋ္ဌာန်းပြီး ခွင့်ပြုသင့်တယ်လို့ တရားလွှတ်တော် ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောပါတယ်။
ဆေးခြောက်ဟာ ဆေးလိပ်၊ အရက်တို့ထက် ဆိုးကျိုးနည်းပေမယ့် ဆေးခြောက် တလိပ်သောက်လို့ ထောင်နှစ်ရှည်ကျခံနေရတာတွေဟာ မဖြစ်သင့်ဘူးလို့ ပါဝင်လှုပ်ရှားတဲ့ လူငယ်တဦးကလည်း ပြောပါတယ်။
အိမ်နီးခြင်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှာလည်း ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပြုနေပြီး စီးပွားရေးအရ ထုတ်လုပ်နေတဲ့ နိုင်ငံတွေ ရှိပါတယ်။
စစ်တမ်းအရနိုင်ငံပေါင်း ၄၀ ကျော်ဟာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာဆေးခြောက်ကို ၁၈၇၀ မတိုင်ခင်ကတရားဝင်ခွင့်ပြုခဲ့ပြီး ဗြိတိသျှအစိုးရလက်ထက်မှာ ဥပဒေနဲ့ကန့်သတ်ခဲ့ပါတယ်။
၁၉၃၉ ခုနှစ်မှာ တရားဝင် ပြန်လည်ခွင်ပြုခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ မူးယစ်ဆေးဝါး အမည်တပ်ကာ ပြန်လည်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။