ရွှေနဒီရေယာဉ်ပေါ်က အေအေဖမ်းဆီးသွားသည့် သစ်တောဦးစီးအရာရှိ ပျောက်ဆုံးနေ
DVB
·
November 12, 2019
ရွှေနဒီအမြန်ရေယာဉ်ကို အေအေအဖွဲ့က စီးနင်းပြီး ဖမ်းဆီးသွားတဲ့ ခရီးသည်တွေထဲက သစ်တောဦးစီးအရာရှိ တယောက် ဒီကနေ့ထိ ပျောက်ဆုံးနေတယ်လို့ မောင်တော ခရိုင်သစ်တောရုံးက သိရပါတယ်။
ပျောက်ဆုံးနေသူဟာ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဝင်းဗိုလ် ၄၆ နှစ် ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ကဖြစ်ပါတယ်။
မောင်တောခရိုင်သစ်တောဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းက "ယနေ့အထိ ဆက်သွယ်မှုရသေးပါဘူး။ အေအေအဖွဲ့က ဖမ်းတဲ့အထဲပါသွားသလား ဒါမှမဟုတ် တိုက်ပွဲကြားမှာသေဆုံးသွားတာလားဆိုတာ ဘယ်လိုမှ ခန့်မှန်းမရနိုင်တော့ပါဘူး။ အေအေက ပထမ ၂၅ ဦး ပြန်လွှတ်တဲ့အထဲမှာလည်း ပါလာတာမရှိပါဘူး။ ယခု ပြန်လွှတ်ပေးတဲ့ ၁၇ ဦးမှာ လည်း ပါမလာသေးပါဘူး။ သူမှာပါလာတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ရွှေနဒီ အမြန်ရေယာဉ်က လက်ခံရရှိထားပါတယ်။ ဒီကိစ္စတွေကို ပြည်နယ်နဲ့ ဗဟိုကို တင်ပြထား ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
ရသေ့တောင်မြို့နယ်၊ မေယုမြစ်ထဲမှာပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို အောက်တိုဘာ ၂၆ ရက်မှာ အေအေတပ်ဖွဲ့က ရေယာဉ်ပေါ်ကနေ လူ ၅၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ တပ်မတော် ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့သလို ထွက်ပြေးလွတ်မြောက်သွားသူတွေလည်း ရှိခဲ့တယ်လို့ အေအေက သတင်းထုတ်ပြန်ထားပါတယ်။
ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေဖမ်းဆီးသွားတဲ့ အရပ်သား ၂၅ ယောက်ကိုတော့ နိုဝင်ဘာလ ၅ ရက်နေမှာ အေအေ အဖွဲ့က ပြန်လည်လွတ်ပေးခဲ့ပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ သစ်တောဦးစီးအရာရှိ ပါဝင်လာတာ မရှိသလို တပ်မတော်က ကယ်ဆယ်ထားသူ ၁၅ ယောက်ထဲမှာလည်းပါဝင်တာ မရှိသေးပါဘူး။
အေအေတပ်ဖွဲ့က ဖမ်းဆီးထားသူ ၁၇ ဦးစာရင်းကို နိုဝင်ဘာ ၁၁ ရက်နေ့က ဓာတ်ပုံတွေနဲ့ထုတ်ပြန်ရာမှာလည်း သစ်တောအရာရှိရဲ့ အမည်နဲ့ ဓာတ်ပုံ ပါဝင်ခြင်းမရှိပါဘူး။
အေအေက ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ အမှတ် ၁ နယ်ခြားစောင့်တပ်က ဗိုလ်ကြီး (ဒုရဲမှူး)ကြည်စိုး၊ ခမရ ၃၄၅ က ဗိုလ်ကြီးညီညီဇော်၊ စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းက ရဲအုပ်ညီညီထွေး၊ အောက်တိုဘာ ၂၇ ရက်နေ့ ကျောက်တော်အပေါက်ဝလမ်းမှာ ဖမ်းသွားတဲ့ ကျောက်တော်အပေါက်ဝ စခန်းက ဒုရဲအုပ် မျိုးကိုကို စသူတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
ကောင်းကောင်း