Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ပံ့သကူ ကော်ဖီမစ်ထုပ်စားမိရာက ကျောင်းသူ ၂ ဦး အစာအဆိပ်သင့်သေဆုံး
DVB
·
November 12, 2019
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သုံးတောင်ရွာမှာ နိုဝင်ဘာ ၁၁ ရက်ညနေက ပံ့သကူကောက်ရင်းတွေ့ရှိတဲ့ ကော်ဖီမစ်ထုပ်ကို စားမိပြီး အစာအဆိပ်သင့်ကာ ကျောင်းသူ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ နှောကန်ရွာရဲစခန်းက ပြောပါတယ်။ သုံးတောင်ရွာအလယ်တန်းကျောင်းနေ ၆ တန်းကျောင်းသူ မရွှေနန်းနွယ် (၁၃ နှစ်)နဲ့ ၁ တန်းကျောင်းသူ မထက်နန်းနွယ်(၆နှစ်)တို့ညီအစ်မနှစ်ဦး ပံ့သကူကောက်ရင်းတွေ့ရှိတဲ့ ကော်ဖီမစ်ထုပ်နှစ်ထုပ်ကို တယောက် တထုပ်စီဖောက်ပြီး မြိုချခဲ့ရာက မူးဝေအာ့အန် သတိလစ်သွားတဲ့အတွက် ဆေးရုံပို့ဆောင်ခဲ့ရာမှာ  သေဆုံးသွားခဲ့ပါတယ်။ နှောကန်ရွာရဲစခန်းတာဝန်ကျရဲအရာရှိက "အရင်က စားထားခဲ့တဲ့ အစားအစာနဲ့ ကော်ဖီမစ်နဲ့ မတည့်တာထင်တယ်။ မူးဝေပြီး အန်တယ်။ သတိလစ်သွားတယ်။ ရွာနဲ့အနီးဆုံး နွားထိုးကြီးဆေးရုံမှာ ဆေးကုနေတုန်း ညီအမ နှစ်ဦးလုံး သေဆုံးသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ မရွှေနန်းနွယ်နဲ့ မထက်နန်းနွယ်တို့ သေဆုံးခြင်းဟာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့  မလှိုင်မြို့နယ် နှောကန်ရွာရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024