Home
မြန်မာသတင်း
မူးယစ်တရားခံကိုဖမ်းဆီးစဉ် ဓားရှည်ဖြင့်လိုက်ခုတ်သဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး 
DVB
·
November 11, 2019
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ မူးယစ်ဆေးဝါး တရားခံတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်မှာ အဖမ်းမခံဘဲ ဓားရှည်နဲ့ခုတ်လို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်မွန်းလွဲပိုင်းက  မူးယစ်တရားခံ စိုင်းဇိန(၄၁)နှစ်ဟာ ပန်ခေါက်ဝိုးကျေးရွာရှိ နေအိမ်မှာရောက်နေကြောင်း သတင်းအရ လွိုင်လင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးရာမှာ စိုင်းဇိနက အဖမ်းမခံဘဲ သူ့ရဲ့ဇနီး နန်းရွှေဝါရဲ့လည်ပင်းကို အရှည် ၃ ပေခန့်ရှိတဲ့ ဓားရှည်နဲ့ထောက်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ချအဖမ်းခံဖို့ ဖြောင်းဖျပြောဆိုနေစဉ်  နန်းရွှေဝါက ရုန်းကန်ထွက်ပြေးသွားတဲ့အတွက် တရားခံက ဓားရှည်နဲ့ လိုက်ခုတ်ခဲ့ရာမှာ နန်းရွှေဝါရဲ့ ဂုတ်ပိုး၊ ဝဲလက်ကောက်ဝတ်၊ ဝဲလက်မပြတ်ရှဒဏ်ရာတွေ (စိုးရိမ်ရ) ရရှိခဲ့ပါတယ်။ ဒီနောက် စိုင်းဇိနဟာ ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ လိုက်ခုတ်ဖို့လုပ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် တဦးက ၁၂ ဗို့ သေနတ်နဲ့ ၃ ချက်ပစ်ခတ်လို့  တရားခံရဲ့ နဖူး၊ ယာပါး၊ ရင်ဘတ် ပေါက်ပြဲဒဏ်ရာ ၃ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး လုံးထွေးဖမ်းဆီးရမိခဲ့ပါတယ်။ စိုင်းဇိနကို စစ်ဆေးရှာဖွေရာမှ WY စိတ်ကြွဆေးပြား ၁၁၈ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့လို့ လွိုင်လင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု)၊ မူး/စိတ်ပုဒ်မ ၁၉(က)တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့က  မိုးကုတ်မြို့၊ လယ်ကြီးတံတားရဲကင်းရှေမှာ ပိတ်ဆို့ရှာဖွေစဉ် မိုင်းလုံဘက်မှ မိုးကုတ်ဘက်သို့ အိုက်နိုင်(ခ)ကျော်လွန်ဦးမောင်းလာတဲ့ ဆိုက်ကယ်ကို စစ်ဆေးရာ WY စိတ်ကြွဆေးပြား ၄၅၇၉၀ ပြား တွေ့ရှိသိမ်းဆည်းရမိလို့ အရေးယူထားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာလည်း မိုင်းဆတ်မြို့နယ်၊ လွယ်ပါရင်(၁)ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ်ကားလမ်းမှာ သက်ဆိုင်ရာက ပိတ်ဆို့ရှာဖွေစဉ် တာချီလိတ်မှ မိုင်းဆတ်ဘက်သို့ အိုက်ခွပ်(ခ)လောင်အို့ (၂၇)နှစ်မောင်းနှင်လာတဲ့ ကားပေါ်ကနေ  စိတ်ကြွ ဆေးပြားရိုက်နှိပ်ရာမှာသုံးတဲ့ WY/Y1/A စာတမ်းပါ မို ၆၆၀ ချောင်း၊ ကြားခံ သံတုံး ၃၂၀ တုံး တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။ အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်သွားကားလမ်း မှဦလည်း  မူးယစ်တပ်စုရုံးနဲ့ပူးပေါင်းအဖွဲ့ စစ်ဆေးဆောင်ရွက်စဉ်နေစဉ် ကျပ်သိန်း ၁၈၀ တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။  ဓာတ်ပုံ- MOH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024