Home
မြန်မာသတင်း
ကျေးရွာများတွင် စက်သုံးဆီအရောင်းဆိုင် ဖွင့်ခွင့်လိုင်စင်များချပေးမည် 
ပိုင်စိုး
·
November 11, 2019
မြန်မာနိုင်ငံတဝန်း ကျေးရွာတွေမှာ စက်သုံးဆီအရောင်းဆိုင်ဖွင့်ခွင့်ပေးဖို့အတွက် လိုင်စင်တွေချပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်တွေရဲ့ စည်ပင်သာယာနယ်နိမိတ်အပြင်မှာ ဆီဆိုင်တွေ ဖွင့်ခွင့်ပေးမှာဖြစ်ပြီး အဲဒီရွာမှာ အခြေချနေထိုင်သူကို ဦးစားပေးဖွင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဆိုင်တွေမှာ ဘက်ထရီပန့် (D.C Electric Pump)ကိုတော့ လုံးဝခွင့်ပြုမှာ မဟုတ်ဘဲ လျှပ်စစ်မီးရတယ်ဆိုရင် လျှပ်စစ်ပန့်(A.C Electric Pump)၊ မရဘူးဆိုရင် လက်ရိုက်ပန့် ဒါမှမဟုတ် ခြင်ခွက်နဲ့ ရောင်းရမယ်လို့ သတ်မှတ်ထားပါတယ်။ လျှပ်စစ်ပန့်(A.C Electric Pump) သုံးတယ်ဆိုရင် ဓာတ်ဆီကို မြေအောက်သိုလှောင်ကန်၊ ဒီဇယ်ကိုတော့ မြေပေါ် ဒါမှမဟုတ် မြေအောက်သိုလှောင်ကန်နဲ့ ထားရမှာဖြစ်ပြီး ဒီဇယ်ပန့်တလုံးနဲ့ ဓာတ်ဆီပန့်တလုံးပဲ ထားခွင့်ပြုပါတယ်။ မန္တလေးတိုင်း စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း ဥက္ကဋ္ဌ ဦးသက်ဝေက “လောလောဆယ်တော့ တချို့နေရာတွေမှာ တရားမဝင်တာတွေ အများကြီးရှိနေတယ်လေ။ သူတို့က အခွန်မဆောင်ရတော့ ဈေးပေါပေါနဲ့ ရောင်းနိုင်တယ်။ ဆိုင်ကြီးတွေကတော့ လျှော့ဖို့ မလွယ်ဘူးပေါ့။ အခုလို လိုင်စင်နဲ့ဆိုရင်တော့ သူတို့လည်း အခွန်ဆောင်ရတဲ့အတွက် ဈေးနှုန်းတွေတူလာမှာပေါ့” လို့ ပြောပါတယ်။ ဒါ့အပြင် နယ်တွေမှာ ကားပေါ်မှာ ပန့်တင်ပြီး တရားမဝင် ရောင်းတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။ ဆိုင်လိုင်စင်ရဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အရာရှိရုံးကတဆင့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဆီ လျှောက်ထားရမှာ ဖြစ်ပြီး ယာဉ်တမျိုးမျိုးနဲ့ လှည့်လည် ရောင်းချတာမျိုးကိုလည်း ခွင့်ပြုမထားပါဘူး။ လက်ရှိ ရန်ကုန်မှာ ရိုးရိုး ဒီဇယ် တလီတာကို ကျပ် ၉၆၀ ၊ ပရီမီယမ် ဒီဇယ်တလီတာကို ၉၇၀၊ အောက်တိန်း ၉၂ တလီတာကို ၈၆၀၊ အောက်တိန်း ၉၅ တလီတာကို ၉၅၅၊ အောက်တိန်း ၉၇ တလီတာကို ၁၁၇၀ ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။  မန္တလေးမှာတော့ ရိုးရိုး ဒီဇယ် တလီတာကို ကျပ် ၉၇၅၊ ပရီမီယမ် ဒီဇယ်တလီတာကို ၉၉၀၊ အောက်တိန်း ၉၂ တလီတာကို ၉၀၅၊ အောက်တိန်း ၉၅ တလီတာကိုကျပ် ၁၀၁၅  ဝန်းကျင်နဲ့ရောင်းချနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024