တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ရာသီဥတု မကောင်းသော်လည်း ဆက်လက်ကျင်းပ
DVB
·
November 10, 2019
ရာသီဥတုဆိုးရွားနေပေမဲ့ ရှမ်းပြည်နယ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကို ဆက်လက်ကျင်းပနေပါတယ်။
နိုဝင်ဘာလ ၈ ည မီးပုံးပျံပြိုင်ပွဲမှာ လွှတ်တင်ရမယ့် မီးပုံးပျံ ၁၆ လုံးကို ရာသီဥတု ဆိုးရွားမှုကြောင့် စိန်နားပန် ၃ လုံး၊ ညမီးကြီး ၃ လုံးသာ လွှတ်တင်နိုင်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှ ပေါင်းပြီး လွှတ်တင်ခဲ့ရပါတယ်။
“ရာသီဥတုကြောင့် မနေ့ညက ၆ လုံး လွှတ်တင်ဖို့ကျန်တယ်၊ ၂၂ လုံးလွတ်တင်နိုင်ခဲ့တယ်၊ မိုးရွာတာမက လေပါတိုက်တော့ လွှတ်တင်ဖို့ခက်တယ်” လို့ မီးပုံးပျံ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက ပြောပါတယ်။
ပွဲတော်ရက် နှစ်ရက်ကျန်သေးတဲ့အတွက် ဆက်လက်လွှတ်တင်သွားမယ်လို့ သိရပါတယ်။
တောင်ကြီး တန်ဆောင်တိုင် ရိုးရာပွဲတော်ဟာ တနှစ်ထက်တနှစ် ပိုမိုစည်ကားလာတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ညမီးကြီး အမျိုးအစား မီးပုံးပျံ ၇၉ လုံး၊ စိန်နားပန် မီးပုံးပျံ ၃၆ လုံး၊ ခြေနှစ်ချောင်း နေ့လွှတ်အရုပ် ၁၅၀ လုံး၊ ခြေ ၄ ချောင်း နေ့လွှတ် အရုပ် ၉၄ လုံး၊ အုပ်စု အရုပ်၃၅ လုံး စုစုပေါင်း မီးပုံးပျံအလုံးအရေအတွက် ၃၉၄ လုံး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ခွန်ရာဇာ