Home
သတင်းဓာတ်ပုံ
မိုင်းသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကတိပြု
အေးနိုင်
·
January 22, 2013
  ဇန်န၀ါရီ ၁၉ ရက်နေ့က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ  မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရသူတွေရှိရာ  ပဲခူးတိုင်း မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေကို သွားရောက်ပြီး မသန်စွမ်းသူတွေကို အကူအညီပေးအပ်မယ့်အကြောင်း ကတိက၀တ်ပြုခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဆွေဝင်းကို မေးမြန်းထားပါတယ်။ မုန်းဒေသဟာ တနိုင်ငံလုံးမှာ မိုင်းနဲ့ပတ်သက်ရင် အများဆုံးလို့ပြောတယ်။ အဲကိစ္စ ဘယ်လောက်အထိ သက်ရောက်မှုရှိရှိ လုပ်ဖို့ စဉ်းစားထားလဲ။ “လောလောဆယ် စာရင်းဇယား အသေးစိတ်ယူထားတာဆိုရင် မိုင်းထိဒဏ်ရာနဲ့ မွေးရာပါ အနည်းအကျဉ်းပေါ့လေ။ စုစုပေါင်း ကျား၊ မ ၃၃၃ ဦးရှိတယ်။ ၃၃၃ ဦးမှာ ၁ ယောက်တည်း ၂ ချောင်းပြတ်တာရော၊ ၁ ချောင်းပြတ်တာရော ကြီးကြီးမားမား မသန်စွမ်းတော်တော်များပါတယ်။ ထူးခြားတာကတော့ လင်မယား ၂ ယောက်လုံးမှာ ခြေထောက် ၁ ချောင်းပဲရှိတဲ့ လင်မယားရှိတယ်။ သူတို့တော်တော်ဆင်းရဲပါတယ်။ သူတို့နဲ့ ပတ်သက်လို့ အိုင်အာစီအာကနေ ခြေတုလက်တုတပ်ဆင်ပေးတာရှိပါတယ်။ သို့သော် ၁ နှစ်ကျော်တော့ တပ်ဆင်ပေးတာတွေက တချို့ဟောင်းနွမ်းပြီးတော့ သုံးလို့မရတော့ သစ်သားတုံးတွေတပ်ဘာတပ်နဲ့ ခက်ခက်ခဲခဲ သွားလာရတာရှိပါတယ်။ နောက် မော်တော်ဆိုင်ကယ် ကယ်ရီဆွဲတာမှာ ၆ ယောက်လောက် ခြေထောက် ၁ ချောင်းပဲရှိတဲ့ ပုဂ္ဂိုလ်တွေ။ သို့သော် ဇွဲမလျှော့ဘဲ ရိုးသားစွာ စီးပွားရှာနေတဲ့သူတွေလည်းရှိတယ်။ ခေါင်းရွက်ဗျက်ထိုးထဲမှာလည်း ခြေထောက် ၁ ချောင်းပဲရှိသူတွေ ရှိတယ်။ အခုလိုနေတာက မသန်ပေမယ့်စွမ်းအောင်ဆိုတာက အထောက်အပံ့တွေလိုပါတယ်။ အင်မတန်မှလည်း ဆင်းရဲနွမ်းပါးတယ်၊ ချို့တဲ့တယ်။ မသန်လည်းမသန်ဘူးဆိုရင် မသန်မစွမ်းဖြစ်သွားပြီ။ မသန်ပေမယ့် ကျနော်တို့လူမှုအသိုင်းအ၀န်းက ၀ိုင်းထောက်ပံ့ကူညီတယ်ဆိုရင် မသန်ပေမယ့် စွမ်းလာပြီး အားလုံးနဲ့ တန်းတူညီတူရှိသွားပြီ။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်က မသန်စွမ်းတဲ့ပုဂ္ဂိုလ်တွေကို စောင့်ရှောက်ရမယ်ဆိုတဲ့ အပိုဒ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ပိုင်းနဲ့ လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး သူတို့ကို ပံ့ပိုးပေးမယ်။ ပံ့ပိုးရာမှာ လတ်တလောမဟုတ်ဘဲနဲ့ ရေရှည်စားဝတ်နေရေး ပြေလည်အောင် လက်မှုပညာတွေ သင်ကြားပေးပြီး သူတို့ထုတ်လုပ်လိုက်တဲ့ လက်မှုပညာတွေကို ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ ကျနော်တို့လို အဖွဲ့အစည်းတွေနဲ့လုပ်မယ်ဆိုရင် ဆိုလိုတာက သူ့ရဲ့ လက်မှုပညာသည် ၁ ဒေါ်လာတန်ပေမယ့် ဒါကို စေတနာသက်ရောက်ပြီး ဒေါ်လာ ၂၀-၃၀၊ ဒေါ်လာ ၁၀၀ လှူဒါန်းမယ်ဆိုရင် ပိုပေါက်ရောက်မယ်။” ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အန်ကယ်တို့ပါတီ နိုင်ငံရေးပါတီတွေ တခုတခု မတူကြပေမယ့် ဒီလိုပူးပေါင်းလုပ်ဆောင်ကြတာ အားလည်းရတယ်။ အန်ကယ်တို့လုပ်ဆောင်ချက်က ဘယ်အချိန်လောက်ကစပြီး မိုင်းဒေသကလူတွေအတွက် အကျိုးသက်ရောက်မှုတွေ စရရှိမလဲ။ “ဒီကိစ္စက ၆ လ ကနေ ၁ နှစ်လောက်အတွင်း ထိထိရောက်ရောက် သက်ရောက်လာမယ် ထင်ပါတယ်။” အလှူရှင်တွေဆီက အာမခံချက်ရရှိပြီလား။ အမေရိကန်ဒေါ်လာ ဘယ်နှသန်းလောက်ရရှိပြီလို့ သိရပြီလဲ။ “ဒါတော့ ကျနော်တို့ မရသေးပါဘူး။ ဒါပေမယ့် မသန်စွမ်းတော့ မဟုတ်ဘူးပေါ့။ တောင်ပေါ်မှာရှိတဲ့ ရွာပုန်းလို့ ခေါ်တဲ့ ဒုက္ခသည်တွေအတွက် ပံ့ပိုးပေးဖို့အတွက် အထိုက်အလျောက်တော့ ရရှိအောင် နော်ဝေအစိုးရဆီက ကျောက်ကြီးကိုလာစဉ်က ရထားပါပြီ။ နော်ဝေ ဒုတိယ-နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးလာသွားတုန်းက ကတိပေးသွားတာ ရှိပါတယ်။” ဒီခရီးစဉ်ကနေ မှတ်မှတ်ရရ မြန်မာနိုင်ငံမှာရှိတဲ့ မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အကောင်းဆုံးပေးချင်တဲ့ မက်ဆေ့ခ်ျက ဘာဖြစ်မလဲ။ “ကျနော်တို့ မိုင်းနဲ့ ပတ်သက်တာတွေဟာ လက်ရှိ မသန်စွမ်းဖြစ်နေရပေမယ့် ဒီနေ့ ငြိမ်းချမ်းရေးကလည်း အရယူတဲ့အတွက် ဒီအဖြစ်ဆိုးတွေက ရေရှည်သားစဉ်မြေးဆက်ကတော့ အမွေပေးလို့ မဖြစ်တော့ဘူးဆိုတဲ့အချက်ပါ။ ဒီအချက်ကို အသက်ဝင်လှုပ်ရှားဖို့ဆိုတာက ငြိမ်းချမ်းရေးကို အရယူရပါမယ်။ တစ်အချက်က မိုင်းဟောင်းတွေကို ရှင်းလင်းရပါမယ်။ မိုင်းဟောင်းတွေနေရာမှာ စိုက်ပျိုးခင်းတွေ၊ လူမှုအဆောက်အအုံတွေပေါ်လာဖို့ ရှိပါတယ်။ နောက်တခုက အားငယ်စရာမလိုဘဲနဲ့ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေဟာ တကမ္ဘာလုံးကနေ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း သူတို့အပေါ်မှာ အာမခံချက် ရှိပါလားဆိုတာ မကြာမီအချိန်တွင်းမှာ သာယာလှတဲ့ လူမှုဘ၀နဲ့ အိမ်ထောင်စုတွေကို တည်ဆောက်နိုင်မယ်လို့  ကျနော် ယုံကြည်ပါတယ်။ ဒီအကြောင်းလည်း သတင်းပါးလိုပါတယ်။ Read more
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024