ရင်ဖွင့်စာ
DVB
·
November 10, 2019
ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့တို့မှ လောင်းကစားဝိုင်းများ အရေးယူပေးပါ
ဇီးကုန်းနဲ့ အနီးအနားမြို့တွေမှာ အရင်အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ လောင်းကစားဝိုင်းတွေကို အခု အစိုးရလက်ထက်ထိ လုပ်နေနိုင်တာ မြင်တွေ့နေရတော့ အံ့လည်းအံ့သြမိတယ်။ အဲဒီလောင်းကစားဝိုင်းတွေဟာ သက်ဆိုးရှည်ရုံတင်မဟုတ်ဘဲ ပိုမိုချဲ့ထွင်လာတာကိုလည်း တွေ့ရတဲ့အတွက် များစွာအံ့သြမိပြန်ပါတယ်။ လောင်းကစား ပြုလုပ်နေသော နေရာများဟာ သြဇာအာဏာရှိတဲ့ဌာနတွေကို ခါးပိုက်ထဲထည့်ပြီး လောင်းကစားဝိုင်းကို အဓိကလုပ်ကိုင်နေကြပါတယ်။ မရင်းကျေးရွာ၊ လေးမျက်နှာကျေးရွာ၊ စမ်းရွာကျေးရွာ၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ကြို့ပင်ကောက် မြို့ပေါ်နှင့်ကျေးရွာများတွင် လောင်းကစားများ ပပျောက်စေဖို့ သက်ဆိုင်သူများသိရှိရန် ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
–အောင်ကိုကို
လျှပ်စစ်မီတာလျှောက်တာ ဘာကြောင့် ကြန့်ကြာနေတာလဲ၊ ဖြေရှင်းပေးပါ
ကျနော်ကတော့ ရွှေပြည်သာမှာနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မီးလင်းရေးနဲ့ ပတ်သက်လို့ လျှပ်စစ်မီတာလျောက်တဲ့အခါမှာ ဘာအကြောင်းတွေကြောင့် အချိန်တွေအကြာကြီး ကြာနေရတာလဲ။ ငွေကလည်းသွင်းထားပြီးသားပါဗျာ။ ဖြစ်နိုင်ရင်အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လျှပ်စစ်မီတာတွေ ချပေးစေချင်ပါတယ်။ နောက်တခုက အစိုးရကချပေးတဲ့ ရေသန့်လို့ပြောတဲ့ ရေကြတော့ အမှုန်တွေ/အနည်တွေနဲ့ ဘယ်လိုကြောင့် မသန့်ရှင်းတဲ့ရေတွေကို ပြည်သူတွေဆီကို ဖြန့်ဖြူးပေးဝေနေရတာလည်း။ ဒါတွေကို ရေအရင်းအမြစ်နဲ့ ရေသန့်အဖွဲ့အစည်းတွေက မသိကြလို့လား။ မသိချင်ဟန်ဆောင်နေကြတာလား။ တကယ်ဆိုရင် ရေကောင်းရေသန့်ဆိုတဲ့စကားနဲ့အညီ ပြည်လူထုအပေါ် ကောင်းတဲ့/သန့်တဲ့ ရေတွေပဲ ပေးဝေရမှာပေါ့ဗျာ။ အခုတော့ ရေမီတာခဆိုလည်း အချိန်မှန်၊ မီးမီတာခဆိုလည်း အချိန်မှန် လာရောက်ကောက်ခံနေကြတာပါဘဲ။ မီးကြတော့လည်း ပျက်တာကလွန်ပါရော့။
–ဦးလေးကြီး
ထနီးကျေးရွာတွင် သောက်သုံးရေ အခက်ကြုံ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာ သံကြိုးတိုင်ပိုင်းတွင် သောက်သုံးရေ အလွန်ခက်ခဲနေပါသည်။ ယခု နွေရာသီရောက်သည့် အချိန်မှစ၍ မိုးရာသီရောက်သည်အထိ သောက်သုံးရေ အလွန်ညစ်ညမ်းလှသည်။ ရောဂါများ တမျိုးပြီးတမျိုး ဖြစ်ပွားနေပါသည်။ ကန်များ၌သေသော ငါးအပုပ်များ ရွာအတွင်းရှိ ချောင်းများ၌ ဆေးကြောမှုများကြောင့် ရေဘယ်လိုမှ သောက်သုံး၍မရပါ။ ရပ်ရွာလူကြီးများအား တိုင်ကြားပါသော်လည်း သုံးနှစ်တိုင်မှ ယခုချိန်ထိ ပြောင်းလဲမှု/ထိရောက်စွာ အရေးယူမှု မရှိပါ။ သက်ကြီး သက်ငယ်များ အလွန်ပင် အခက်အခဲ တွေ့ကြုံနေရပါသည်။
–ထနီးကျေးရာတွင် နေထိုင်သူတဦး