Home
ရင်ဖွင့်စာ/ပေးစာ
ပုံတောင်သစ်တော မပြုန်းတီးဖို့ ကာကွယ်ပေးစေလို
DVB
·
January 22, 2013
ကျနော်တို့က မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်က ဒေသခံပြည်သူတွေ ဖြစ်ပါတယ်။ ကျနော်တို့ မကွေးတိုင်းထဲမှာ “ပုံတောင်နဲ့ ပုံညာ” ဆိုတာဟာ သဘာဝပေါက်ရောက်တဲ့ သစ်၊ ၀ါး၊ ဆေးဖက်ဝင် အပင်အမျိုးပေါင်းများစွာနဲ့ အုံ့ဆိုင်းပြီး ညို့မှိုင်းနေတဲ့ တောတောင်ကြီးလည်း ဖြစ်ပါတယ်။ အဲဒီ ပုံတောင်သစ်တောကြီးထဲက အင်ကြင်း၊ သစ်ရာ၊ ပျဉ်းကတိုးနဲ့ ကျွန်း အစရှိတဲ့သစ်ပင်တွေကို ပေါက်မြို့နယ် သစ်တောဝန်ထမ်းတွေဟာ ဗာဂျီးနီးယား ဆေးပေါင်းရုံးလုပ်ငန်းအတွက် ထင်းအဖြစ်သုံးဖို့ တွေ့တဲ့သစ်ပင်တွေကို အပြောင်ရှင်းဖို့ သစ်ခုတ်သမားတွေက စတင်ခုတ်လှဲနေကြပါပြီ။ အလုပ်သမား ၁၅ ယောက်ခန့် ငှားရမ်းခိုင်းစေတာဖြစ်ပြီး တည်နေရာကတော့ ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာရဲ့တောင်ဘက်အရပ် ၁ မိုင်ကျော်အကွာနေရာမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုတော့ ဧက ၁၀၀ ကျွန်းပင်တွေ စိုက်ပျိုးဖို့အတွက် တင်ပြပြီး ဗာဂျီနီယားဆေးပေါင်းရုံအတွက် ထင်းခုတ်လှဲနေပါတယ်။ အရင်က “သဘာဝသစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ရေး စိုက်ခင်း” ဆိုတဲ့ဆိုင်းဘုတ်နေရာမှာ အခု “စီးပွားရေးကျွန်းစိုက်ခင်း” ဆိုပြီး လွန်ခဲ့တဲ့ ၂ လက ပြောင်းလဲ စိုက်ထူခဲ့ပါတယ်။ သူတို့စိုက်ပျိုးမယ့်ကျွန်းပင်တွေဟာ နောင်အနှစ် ၂၀ ကျော်လောက်ကြာရင်တောင်မှ လက်ရှိသစ်တော အနေအထားရောက်ဖို့ ဆိုတာ မသေချာပေမယ့် ချက်ချင်းခံစားရမယ့် သစ်တောပြုန်းတီးမှုရဲ့ ဆိုးကျိုးတွေကို မျက်ကွယ်ပြုပြီး သစ်ခုတ်ဖို့ ခွင့်ပြုထားတဲ့ သစ်တောဌာနကိုလည်း ဘယ်လိုမှ နားလည်လို့မရပါ။ အမှန်တကယ် အထက်လူကြီးတွေက သစ်ခုတ်ပြီး ထင်းသွင်းဖို့ ခွင့်ပြုထားခြင်း ရှိ/မရှိ သေချာမသိရပါ။ သေချာတာတခုကတော့ သစ်တောဝန်ထမ်းတွေဟာ လမ်းဘေးတလျှောက်ကိုသာ လူမြင်ကောင်းအောင် စိုက်ပျိုးကြပြီး အတွင်းပိုင်းသစ်တောတွေကို တရားဝင်စိတ်ကြိုက် ဖျက်ဆီးခွင့် ရနေသလို သစ်တောပြုန်းတီးအောင် လုပ်နေကြတာ ဖြစ်ပါတယ်။ သစ်ခုတ်တာကို ပြီးခဲ့တဲ့နှစ် ဗာဂျီးနီယာဆေးပေါင်းချိန်မှာလည်း ပြုလုပ်ခဲ့ပြီး ထင်းတန် ၂၀၀ ခန့် ဆေးပေါင်းရုံတွေကို ထင်းအဖြစ် ရောင်းချခဲ့ပါသေးတယ်။ သစ်ခုတ်သမားတွေကို ၁ တန်ကို ၄၅၀၀ ကျပ်နှုန်းနဲ့ ပေးချေခဲ့ပြီး ဆေးပေါင်းရုံကို ၃ သောင်းကျပ်လောက်နဲ့ ရောင်းချတယ်လို့လည်း သိရပါတယ်။ အခုလို စည်းကမ်းမဲ့ပြုလုပ်နေတဲ့ ပေါက်မြို့နယ်က သစ်တောဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဆောင်ရွက်ချက်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူတွေနဲ့ သက်ဆိုင်သူ အထက်လူကြီးတွေ သိရှိဖို့ “ပုံတောင်၊ ပုံညာ သစ်တောများ” ပြုန်းတီးမှု ဆက်လက်မဖြစ်ပွားအောင် တားဆီးဆောင်ရွက်ပေးနိုင်ဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ သဘာဝသစ်ပင် ထိန်းသိမ်းစောင့်ရှောက်လိုသူတဦး (ပေါက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024