မီဒီယာကျင့်ဝတ်မလိုက်နာသဖြင့် သတင်းသမားများ အရေးယူခံရဟု မီဒီယာကောင်စီ ဥက္ကဋ္ဌပြော
DVB
·
November 9, 2019
မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ မီဒီယာကျင့်ဝတ်မလိုက်နာတာကြောင့် တရားစွဲ အရေးယူခံရတာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
ဥရောပနိုင်ငံတွေမှာ မီဒီယာကျင့်ဝတ်လိုက်နာတာကြောင့် သတင်းသမားတွေဟာ တရားစွဲ အရေးယူခံရာတာမျိုးမတွေ့ရဘဲ မြန်မာနိုင်ငံမှာကတော့ ကျင့်ဝတ်လိုက်နာမှု အားနည်းတာကြောင့် အရေးယူမှုတွေရှိနေတာလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုံးကြိုင်က ဆိုပါတယ်။
“မီဒီယာကျင့်ဝတ်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေအပိုင်းမှာ ချို့ယွင်းချက်တွေရှိတယ်။ ဘာကြောင့်ချို့ယွင်းလဲဆိုရင် မီဒီယာကျင့်ဝတ်အတိုင်းလိုက်နာမယ်ဆိုရင် အရေးယူခံရတာတွေမရှိဘူး။ တို့ဆီမှာ အခုမှုခင်းတွေ၊ သတင်းထောက်တွေ အတော်များများကြုံနေရတာတို့ဖြေရှင်းတဲ့အခါမှာ ဘာလာတွေ့လဲဆိုတော့ တို့ကျင့်ဝတ်တွေကို မသိကြဘူး။”
သတင်းတိုက်တွေမှာ တာဝန်ယူလုပ်ကိုင်နေတဲ့ အယ်ဒီတာတွေကအစ မီဒီယာကောင်စီက ကျင့်ဝတ်စာအုပ်တွေမဖတ်ကြသလို ကျင့်ဝတ်တွေကိုမသိကြဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံက သတင်းသမားအချို့ကို ရန်ကုန်တိုင်းအစိုးရနဲ့ တပ်မတော်ရဲ့ တရားစွဲမှုတွေကလည်း သတင်းသမားတွေရဲ့ ရေးသားဖော်ပြမှုအားနည်းတာ ၊မပြည့်စုံတာ၊ တဖက်ကို ထိခိုက်တာနဲ့ ပြန်ဖြေရှင်းချက်မထည့်တာတွေ စတဲ့အကြောင်းတခုခုကြောင့် ဖြစ်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းသမားတွေ တရားစွဲဆိုခံရတိုင်း ကျင့်ဝတ်နဲ့မညီဘူးလို့ ပြောဆိုတာဟာ စွပ်စွဲသလိုဖြစ်နေပြီး လက်ရှိသတင်းလောကရဲ့ အခက်အခဲကို သတင်းသမား အသေအချာလုပ်ဖူးတဲ့သူသာ သိတာလို့ The Voice ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။
“ကိုယ်က မသိဘဲ မှတ်ချက်ပေးလိုက်လို့ရှိရင် အဲဒီမှတ်ချက်က ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ်ထမ်းနေတဲ့ တာဝန်နဲ့ လျော်ညီစွာ သူကနောက်ဆက်တွဲသက်ရောက်မှုတွေရှိတတ်တယ်။ ဥက္ကဋ္ဌက ဒီလိုမှတ်ချက်ပေးတယ်ဆိုတာ လက်ရှိသတင်းလောကနဲ့ မျက်ခြည်ပြတ်နေတာကြာပြီလို့ထင်တယ်၊ အဲဒါကြောင့်ဖြစ်လိမ့်မယ်။ သတင်းလောကမှာ အခက်အခဲတွေရှိနေတယ်ဆိုတာ သူနားမလည်ဘူး” လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။