တပ်ဖွဲ့ဝင် ၁၁ ဦးသာ ပြန်ရောက်ဟု ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ထုတ်ပြန်
ပိုင်စိုး
·
November 9, 2019
အေအေက လွှတ်ပေးလိုက်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေထဲက ၁၁ ယောက်ပဲ ပြန်ရောက်သေးတယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၁ ရက်က ပြင်ဦးလွင် ဗဟိုမီးသတ် သင်တန်းကျောင်းကနေ အခြေခံမီးသတ်ပညာ သင်တန်းဆင်းပြီး ပြန်လာသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲက ဒုမီးသတ်ဦးစီးတယောက်ကတော့ သေဆုံးခဲ့ပါတယ်။
ကျန်တဲ့ ၁၈ ယောက်ကို နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းက မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို အပ်နှံလွှတ်ပေးခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၇ ရက်နေ့က တပ်ဖွဲ့ဝင် ၄ ယောက်၊ ၈ ရက်နေ့မှာ ၇ ယောက်၊ စုစုပေါင်း ၁၁ ယောက်ပဲ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနရုံးကို ပြန်ရောက်လာသေးပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့တော့ တစုံတရာ အဆက်အသွယ်မရသေးဘူးလို့ ပြည်နယ်မီးသတ်က ဆိုပါတယ်။
ပြည်နယ်မီးသတ်တပ်ဖွဲ့အရာရှိတယောက်က “သူတို့ (ပြန်ရောက်လာသူ ၁၁ ယောက်) အားလုံး ပြည်နယ်ရုံးထဲမှာပဲ ရှိပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ စိတ်ဒဏ်ရာတွေကို ကုပေးနေပါတယ်။ အေအေကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်လို့ ပြောပါတယ်။ ကိုယ့်လူတွေ ပြန်ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ကျန်တဲ့သူတွေကိုတော့ စုံစမ်းနေတုန်းပဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။