ဖွဲ့စည်းပုံခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း
DVB
·
January 22, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါနေပေမယ့် လွှတ်တော်အမတ် အများဆန္ဒနဲ့ အတည်ပြုခဲ့တာကြောင့် သမ္မတဦးသိန်းစိန်ဟာ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပြင်ဆင်သည့် ဥပဒေ” ကို မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ပေးလိုက်ပါတယ်။
ဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ပေးလိုက်တာနဲ့ တပြိုင်နက်တည်း သတင်းထုတ်ပြန်ချက်အမှတ် ၄/၂၀၁၃ ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၉၈ (က) ကိုလည်း ဖော်ပြလိုက်ပါတယ်။
ဒီဖော်ပြချက်ကတော့ “၁၉၈ (က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်သည်လည်းကောင်း၊ တည်ဆဲဥပဒေ တရပ်ရပ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်နဲ့ ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်” ဖြစ်ပါတယ်။