အကြိတ်အနယ်ရှိမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ သုံးသပ်ချက်

ဒီတပတ် နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကစားကြမယ့် ပရီးမီးယား လိဂ်ပွဲစဉ်တွေထဲက အကြိတ်အနယ်ရှိနိုင်မယ့် ပွဲစဉ် ၅ ပွဲကို ရွေးချယ်သုံးသပ်ပေးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး-ခရစ္စတယ်ပဲလေ့ ပထမဆုံး ပွဲစဉ်အနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၇ နာရီမှာ ကစားမယ့် ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ် ပွဲစဉ်နဲ့ စချင်ပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက်နိုင်ပွဲနဲ့အတူ ပုံစံကောင်း ပြသနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေပြီး ခြေစွမ်းကလည်း အားရစရာ အခြေအနေမှာ မရှိပါဘူး။ ချဲလ်ဆီး အိမ်ကွင်းဖြစ်တာကြောင့် ပဲလေ့တို့ပိုပြီး ရုန်းကန်ရဖို့ရှိပါတယ်။ လန်ဒန်မြို့ခံ ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ချဲလ်ဆီးရဲ့ လက်ရှိခြေစွမ်းကို ပဲလေ့စ်ယှဉ်ကစားနိုင်ဖို့ ခက်ပါတယ်။ ယော်ဂင်ညို၊ ကိုဗာဆစ်တို့ရဲ့ ကွင်းလယ်က တည်ငြိမ်မှုရှိသလို မေဆန်မောင့်၊ ပူလီဆစ်၊ အီဗရာဟမ်တို့ရဲ့ ချဲလ်ဆီးတိုက်စစ်ကလည်း အလုပ်ဖြစ်နေပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးပဲ နိုင်ပွဲရယူမှာဖြစ်ပြီး ဂိုးလည်း ပြတ်သွားဖို့ ရှိပါတယ်။ စပါး-ရှက်ဖီးယူနိုက်တက် နောက်တပွဲကတော့ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၉ နာရီခွဲမှာ ကစားမယ့် စပါးနဲ့ ရှက်ဖီးယူနိုက်တက်ပွဲစဉ်ပါ။ စပါးတို့ ချန်ပီယံလိဂ်မှာတော့ ရလဒ်ကောင်း ပြန်လည်ရယူထားပြီး ဒီပွဲအတွက် စိတ်ဓာတ်မြင့်တက်နေပါလိမ့်မယ်။ အိမ်ကွင်းမှာ ကစားရမှာလည်း ဖြစ်လို့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့ရဲ့ တိုက်စစ်က ရှက်ဖီးကို ဖိအားပေး ကစားဖို့ ပြင်ဆင်ထားလိမ့်မယ်။ ဒါပေမဲ့ ရှက်ဖီးယူနိုက်တက်ကလည်း ခြေစွမ်းမညံ့တဲ့အသင်းဖြစ်ပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားပါတယ်။ အာဆင်နယ်နဲ့ ဘန်လေတို့ကို အနိုင်ရခဲ့တဲ့ ရှက်ဖီးက ခံစစ်ကစားပုံ ကောင်းမွန်တာကြောင့် စပါး ဂိုးတွေ အများကြီးရဖို့တော့ ခက်နိုင်ပါတယ်။ စပါးအသင်း ရုန်းကန်ရနိုင်ပေမယ့်လည်း အိမ်ကွင်းမှာ လိုအပ်တဲ့အနိုင် ရလဒ်တော့ ရနိုင်ဖို့ များပါတယ်။ လက်စတာ-အာဆင်နယ် လက်စတာနဲ့ အာဆင်နယ်တို့ ပွဲစဉ်ကိုတော့ နိုဝင်ဘာ ၉ ရက်နေ့ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ လက်စတာရဲ့ ခြေစွမ်းက အကောင်းဆုံး ဖြစ်နေပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက်လည်း နိုင်ပွဲတွေရယူထားပါတယ်။ အာဆင်နယ်ကတော့ လက်စတာနဲ့ ပြောင်းပြန်ဖြစ်နေပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် သရေပွဲတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ လက်စတာရဲ့ ခြေစွမ်းက မာကျောမှုရှိပြီး အိမ်ကွင်း ဖြစ်နေတာကြောင့် အာဆင်နယ် ရုန်းကန်ရမှာ သေချာပါတယ်။ အီဗန်နဲ့ ဆိုယန်ကူ ခံစစ်က ပေးဂိုးနည်းသလို ဗာဒီ၊ တီလေမန်၊ မက်ဒီဆန်တို့ရဲ့ တိုက်စစ်ကလည်း အာဆင်နယ်ကို ဂိုးသွင်းနိုင်စွမ်း ရှိနေပါတယ်။ အာဆင်နယ်ကတော့ တိုက်စစ်ပိုင်းက အူဘာမီယန်း၊ လာကာဇက်နဲ့ ပေပေတို့ အတွဲကို မျှော်လင့်နိုင်ပေမယ့်လည်း ခံစစ်ပိုင်းက စိတ်ချရတဲ့ အခြေအနေမှာ ရှိမနေတာ တွေ့ရပါတယ်။ ဒီပွဲလည်း အာဆင်နယ် ရုန်းကန်ရနိုင်ပြီး လက်စတာ နိုင်ဖို့ များနေပါတယ်။ မန်ချက်စတာယူနိုက်တက်-ဘရိုက်တန် နောက်တပွဲကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်ပွဲစဉ် ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ မန်ယူက ပြီးခဲ့တဲ့တပတ်က ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့ပေမယ့် ကြားရက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပါတီဇန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်ကတော့ အဲဗာတန်နဲ့ နော်ဝှစ်ချ်စီးတီးတို့နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန်က အိမ်ကွင်းဆိုရင် ခြေစွမ်းပြတတ်ပေမယ့် အဝေးကွင်းမှာတော့ အားနည်းမှုတွေရှိပြီး နောက်ဆုံးအဝေးကွင်း ၄ ပွဲ ဆက်တိုက် နိုင်ပွဲမရှိခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်က အိမ်ကွင်းဆိုရင် ခြေစွမ်းပြလေ့ရှိပြီး မာစီယယ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ တိုက်စစ်ကလည်း ဘရိုက်တန်ကို ဂိုးသွင်းဖို့ မခက်ပါဘူး။ မန်ယူအသင်း နိုင်ပွဲပြန်လည်ရယူမယ့်ပွဲ ဖြစ်ပြီး ဂိုးပြတ်၊ မပြတ်ဘဲ စောင့်ကြည့်ရနိုင်ပါတယ်။ လီဗာပူး-မန်စီးတီး နိုဝင်ဘာ ၁၀ ရက်နေ့ ည ၁၁ နာရီမှာတော့ ဒီတပတ်ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်လာမယ့် လီဗာပူးနဲ့ မန်စီးတီးပွဲစဉ်ကို ယှဉ်ပြိုင်ကြမှာပါ။ နှစ်သင်းစလုံးက အကောင်းဆုံး ခြေစွမ်းရနေကြတဲ့ အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာမှာပါ။ လီဗာပူးက မန်စီးတီးကို ၆ မှတ် ဖြတ်ထားလို‌ေ ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်မှာပါ။ မန်စီးတီးအတွက်ကတော့ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်တဲ့ပွဲ ဖြစ်ပါတယ်။ လီဗာပူးမှာ မာတစ် ဒဏ်ရာရနေပြီး မန်စီးတီးမှာတော့ အီဒါဆန် ပွဲထွက်ဖို့ မသေချာသလို ရိုဒရီ၊ လာပေါ်တေး၊ ဆေးလ်ဗား၊ ဆာနေးတို့ ဒဏ်ရာကြောင့် လွဲချော်မှာပါ။ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရင်တော့ မန်စီးတီးက ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး လီဗာပူးက ၁ ကြိမ်ပဲ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးကွင်းမှာတော့ ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက မန်စီးတီး အနိုင်မရတော့တာ တွေ့ရပါတယ်။ ဒီပွဲလည်း လီဗာပူး အနည်းဆုံး သရေ ကစားနိုင်ပါတယ်။ အခု ပြောပြခဲ့တဲ့ ပွဲစဉ်တွေကို ပြန်လည်သုံးသပ်ရမယ် ဆိုရင်တော့ ချဲလ်ဆီး၊ စပါး၊ လက်စတာ၊ မန်ယူနဲ့ လီဗာပူးတို့ ရလဒ်ကောင်းရဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ ဝဏ္ဏကို

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up