ပန်းတနော်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၂၃ ဦး ဒဏ်ရာရ
DVB
·
November 9, 2019
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ မနေ့ကခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းမနယ်မြေရဲစခန်းက သိရပါတယ်။
ပန်းတနော်မြို့နယ် ကျောင်းဆိပ်ရွာနဲ့တလိုင်းစုရွာကြား ရန်ကုန်-ပုသိမ်ကားလမ်းမကြီးမိုင်တိုင် အမှတ် ၅၉/၆ အနီးမှာ ပုသိမ်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ကံထူးအောင်ခရီသည်တင် မှန်လုံယာဉ်ဟာ နိုဝင်ဘာ ၈ ရက်မနက်အစောပိုင်းက တိမ်းမှောက်ခဲ့တာပါ။
ခရီးသည်တင်ယာဉ်ဟာ လမ်းချော်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းဦးဝင်းလှိုင်ကတော့ ထွက်ပြေးသွားတယ်လို့ အင်းမနယ်မြေရဲစခန်း တာဝန်ရှိသူတဦးက ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူမရှိဘဲ ဒဏ်ရရှိတဲ့ခရီးသည် ၂၃ ဦးကို အင်းမတိုက်နယ်ဆေး ရုံကို ပို့ဆောင်ကုသခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ရာဇသတ်ကြီးပုဒ်မ၂၇၉/၃၃၇/၃၃၈တို့နဲ့အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ကျော်စိုးမိုး၊မောင်ချစ်ဦး(ပန်းတနော်)