အစိုးရတပ်က ကေအိုင်အိုဌာနချုပ်လိုင်ဇာကို သိမ်းမှာမဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့က လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မှာ တွေ့ဆုံခိုက်မှာ ပြောကြားခဲ့ပေမယ့်လည်း ဒီနေ့ ကချင်ပြည်နယ် လိုင်ဇာဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာနဲ့ ၅ မိုင်အကွာ ခါယာဘွမ်စခန်းကို အစိုးရတပ်က ဒီနေ့မနက်မှာ ဆက်ပြီးတိုက်နေတုန်းပဲလို့ လိုင်ဇာမြို့ခံတဦးက ပြောပါတယ်။

“ဒီမနက် ၆ နာရီလောက်က ခါယာဘွမ်ဘက်မှာပစ်တယ်၊ သေနတ်သံတွေကြားတယ်။ ဗဟိုဌာနချုပ်ကို ကာကွယ်ဖို့လုပ်ထားတဲ့ လုံခြုံရေးစခန်းနဲ့ အနီးဆုံးပဲလေ။ အရင်က လေယာဉ်နဲ့ အဲမှာ ၄ ရက်လာပစ်တယ်။ သိမ်းဖို့ကြိုးစားတာပဲ။”
ကေအိုင်အေပြောခွင့်ရ ဗိုလ်မှူးကြီးယော်ထုံကလည်း ဒီမနက်က ခါယာဘွမ်မှာ တိုက်ပွဲဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
“ခါယာဘွမ်မှာဖြစ်နေတယ်။ လဂျားယန်နဲ့ တဆက်တည်း ၆ ကီလိုမီတာလောက်ဝေးတယ်။ မနေ့က ဖားကန့်ဒေသ ကျနော်တို့ တပ်ရင်း ၆ ကို သူတို့ သိမ်းလိုက်တယ်လို့ ကြားတယ်။”
အစိုးရတပ်နဲ့ ကေအိုင်အေတိုက်ပွဲကို လေ့လာစောင့်ကြည့်သူ ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က မခေါန်ဂျာကတော့ သမ္မတကြီးက လိုင်ဇာကိုမသိမ်းဘူးလို့ ပြောခဲ့ပေမယ့် စစ်တပ်က လိုင်ဇာကို ၀ိုင်းထားပြီး အခြားဒေသတွေမှာလည်း စစ်အင်အားတွေ ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
“ဦးသိန်းစိန်က မနေ့ကပြောတာတော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့တွေ့တော့ ကချင် ၂ ယောက်ပါတယ်လေ။ အဲမှာပြောတာက သူတို့ လိုင်ဇာကိုသိမ်းချင်ရင် သိမ်းလို့ရတယ်။ ဒါပေမယ့် မသိမ်းဘူးပေါ့။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ်ပေါ့။ ဒါပေမယ့် အခုပုံစံက မသိမ်းဘဲနေမယ့်ပုံမရှိဘူး။ အခု အဲတခုပဲရှိတာကို ဘာဖြစ်လို့ အဲလောက်တိုက်နေတာ။ လိုင်ဇာအောက်က ခါယာဘွမ်မှာ အကြီးအကျယ်တိုက်နေတာ။ မိုးလင်းခါစကတည်းက နောက်ဆုံး ခါယာဘွမ်တင်မကဘဲ ပတ်ပတ်လည် ယူပုံစံဝိုင်းထားတာအခု။ ၁၀ နာရီခွဲအထိ မော်တာအကြီးထုသံကြားရတာ။”
အလားတူ မန်စီ၊ ရွှေကူ၊ ဖားကန့်နဲ့ပန်ဝါဒေသတွေဘက်မှာလည်း တိုက်ပွဲတွေပျံ့နှံ့ဖြစ်ပွားနေဆဲဘဲလို့လည်း ဒေသခံတွေကပြောပါတယ်။
အခုလို တိုက်ပွဲတွေ လိုင်ဇာအနား နီးကပ်လာတာမှာ လိုင်ဇာဒေသခံနဲ့ ဒုက္ခသည်တွေ စုစုပေါင်း လူ ၂ သောင်းကျော်အတွက် စိုးရိမ်စရာတွေ ဖြစ်နေပြီး စစ်ပွဲရှောင်ဖို့အတွက် ကတုတ်ကျင်းတွေ လုံလောက်မှုမရှိသလို တခုတည်းသော ပြေးပေါက်ဖြစ်တဲ့ တရုတ်နယ်စပ်ဘက်မှာလည်း ဒုက္ခသည်တွေ လက်မခံတဲ့အတွက် ပိတ်မိနေတယ် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်အဖွဲ့တွေကပြောပါတယ်။
အစိုးရဘက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေ လဂျားယန်ပေါ် ထိုးစစ်ဆင်တာကို ရပ်ဆိုင်းမယ်လို့ ဇန်န၀ါရီ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာထားပေမယ့်လည်း ဇန်န၀ါရီ ၁၉ နဲ့ ၂၀ ရက်နေ့အထိ ထိုးစစ်ဆင်နေဆဲပဲဖြစ်တယ်လို့ ကေအိုင်အေက ထုတ်ပြန်ကြေညာထားပါတယ်။
ဒါကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ဆွေးနွေးပွဲတွေ ပြန်စဖို့ ဇန်န၀ါရီ ၁၉ ရက်နေ့ နေ့စွဲနဲ့ ကမ်းလှမ်းခဲ့တာကို ကေအိုင်အိုဘက်က သူတို့အဖွဲ့အနေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေမလုပ်ဘဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ ဆွေးနွေးရင် ပိုမိုသင့်လျော်မယ်လို့ ဇန်န၀ါရီ ၂၀ ရက် နေ့စွဲနဲ့ အကြောင်းပြန်ထားပါတယ်။