Home
မြန်မာသတင်း
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကာချုပ်တို့ကို တရုတ်ကိုယ်စားလှယ်သီးခြားတွေ့ဆုံ၊ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
DVB
·
November 8, 2019
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းဂေါ်ရှန်းဟာ နိုဝင်ဘာ ၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အကူညီပေးရေးကိစ္စ တွေဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ စွန်းဂေါ်ရှန်းကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မှာ လက်ခံတွေ့ဆုံပြီး မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေနဲ့ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ့် ကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။  အလားတူ နိုဝင်ဘာ ၇ ရက် မွန်လွဲပိုင်းကလည်း အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နေပြည်တော်ရှိ  ဘုရင့်နောင် ရိပ်သာဧည့်ခန်းမမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံရာမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် တရုတ်နိုင်ငံက အလှူငွေ တွေနဲ့ အခြားလိုအပ်တာတွေ လှူဒါန်းကူညီပေးနေတဲ့အခြေအနေတွေ၊ ထာဝရငြိမ်းချမ်းရေးရဖို့ တပ်မတော်က စိတ်ရှည်သည်းခံစွာ ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ တိုက်ပွဲတွေမဖြစ်ပွားတဲ့ ဒေသတွေမှာ အေးချမ်းတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးတက်လုပ်ဆောင်လာနိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ နိုဝင်ဘာ ၆ ရက်ကလည်း   အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တွေ့ဆုံပြီး တရုတ်နိုင်ငံက လှူဒါန်းတဲ့ အလှူငွေ ဒေါ်လာ  ၄ သိန်းကို NRPC အတွက် ပေးအပ်ခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို တဆင့်ပြီးတဆင့် အောင်မြင်မှု ရရှိနေတာကို သိရလို့ ဝမ်းမြောက်ကြောင်း၊ ရေရှည် အနာဂတ်မှာလည်း နည်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့မယ်လို့ စွန်းဂေါ်ရှန်းက  ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024